1 Samuel 5
5:1 ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။
5:2 ထိုသို့ ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်သွားပြီး ဒါဂုန်ဝတ်ကျောင်းသို့ ယူသွား၍ ဒါဂုန်ဘုရားဘေး၌ ထားကြ၏။
5:3 နောက်တစ်နေ့တွင် အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲနေသည်ကို တွေ့သဖြင့် သူတို့သည် ဒါဂုန်ဘုရားကိုယူ၍ သူ့နေရာ၌ ပြန်ထားကြ၏။
5:4 နောက်တစ်နေ့နံနက်စောစောထကြသောအခါတွင်လည်း ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲကျနေ၏။ ဒါဂုန်ဘုရား၏ဦးခေါင်းနှင့်လက်ဖဝါးနှစ်ဖက်မှာ တံခါးခုံပေါ်တွင် ပြတ်ကျနေပြီး ဒါဂုန်ဘုရားသည် ကိုယ်ထည်ကြီးသာ ကျန်ရှိနေသည်ကို တွေ့ရှိကြလေ၏။
5:5 ထိုအကြောင်းကြောင့် အာဇုတ်မြို့တွင် ယနေ့တိုင်အောင် ဒါဂုန်၏ယဇ်ပုရောဟိတ်များနှင့် ဒါဂုန်ဝတ်ကျောင်းထဲသို့ ဝင်သောသူတိုင်း ဒါဂုန်တံခါးခုံကို မနင်းဘဲ ကျော်သွားကြ၏။
5:6 ထာဝရဘုရား၏လက်တော်သည် အာဇုတ်မြို့သားတို့ကို ပြင်းထန်စွာဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့နှင့် ဝန်းကျင်တစ်ဝိုက်ကို ပလိပ်ရောဂါဖြင့် ဖျက်ဆီးသတ်ဖြတ်တော်မူ၏။
5:7 ထိုအခြင်းအရာကိုမြင်လျှင် အာဇုတ်မြို့သားတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်လက်တော်သည် ငါတို့နှင့် ငါတို့၏ဘုရားဒါဂုန်ကို ပြင်းထန်စွာဒဏ်ခတ်တော်မူပြီ။ ထိုဘုရား၏သေတ္တာတော်ကို ငါတို့နှင့်အတူ မထားသင့်”ဟု ဆိုကြ၏။
5:8 ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အကျွန်ုပ်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို မည်သို့ပြုရပါမည်နည်း”ဟု မေးကြ၏။ ထိုအခါ သူတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ပို့လိုက်ပါ”ဟု ဆိုကြ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပို့လိုက်ကြ၏။
5:9 သေတ္တာတော်ကို သယ်ဆောင်သွားကြရာ ထိုမြို့ကိုလည်း ထာဝရဘုရား၏လက်တော်သည် ဒဏ်ခတ်တော်မူသဖြင့် အလွန်တုန်လှုပ်ချောက်ချားကြကုန်၏။ ထိုမြို့ရှိမြို့သားတို့ကိုလည်း အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ပလိပ်ရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။
5:10 ထို့ကြောင့် ဘုရားသခင်၏သေတ္တာတော်ကို ဧကြုန်မြို့သို့ပို့လိုက်ပြန်၏။ ထိုသို့ ဘုရားသခင်၏သေတ္တာတော်သည် ဧကြုန်မြို့သို့ ရောက်လာသောအခါ ဧကြုန်မြို့သားတို့က “ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်ရန် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ငါတို့ထံ ပို့လိုက်လေပြီတကား”ဟု အော်ဟစ်ကြ၏။
5:11 ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို အဝေးသို့ပို့လိုက်ပါလော့။ သူ့နေရာ သူပြန်ရောက်ပါစေ။ သို့မဟုတ်လျှင် ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်လိမ့်မည်”ဟု ဆိုကြ၏။ အကြောင်းမူကား ဘုရားသခင်လက်တော်သည် ထိုမြို့ကို ပြင်းထန်စွာဒဏ်ခတ်သဖြင့် တစ်မြို့လုံးသည် သေရမည်ကို ကြောက်လန့်နေကြ၏။
5:12 အသက်မသေဘဲ ကျန်ရစ်သူတို့မှာ ပလိပ်ရောဂါဖြင့် ဒဏ်ခတ်ခံရသောကြောင့် တစ်မြို့လုံး၏အော်ဟစ်သံသည် မိုးကောင်းကင်အထိ ရောက်လေ၏။