Psalms 135
135:1 ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။
135:2 ထာဝရဘုရား၏အိမ်တော်၊ ငါတို့ ဘုရားသခင်၏အိမ်တော်တံတိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ကျွန်တော်တို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။
135:3 ထာဝရဘုရားသည် ကောင်းမြတ်တော်မူသောကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့သောအမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
135:4 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ကိုယ်တော်အဖို့လည်းကောင်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော် ဖြစ်စေခြင်းငှာလည်းကောင်း ရွေးကောက်တော်မူပြီ။
135:5 ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော်မူကြောင်းကို ငါသိ၏။
135:6 ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။
135:7 မြေကြီးစွန်းမှ မိုးတိမ်တို့ကို တက်စေတော်မူ၏။ မိုးနှင့်တကွ လျှပ်စစ်ကိုဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။
135:8 အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
135:9 အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှစ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာသက်သေ၊ အံ့ဖွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။
135:10 အာမောရိပြည်ကိုအစိုးရသော ရှိဟုန်မင်း၊ ဗာရှန်ပြည်ကို အစိုးရသော ဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြားသော လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊
135:12 သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူဣသရေလအမျိုးအား အမွေကိုပေးချေတော်မူ၏။
135:13 အိုထာဝရဘုရား၊ ကိုယ်တော်၏အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
135:14 ထာဝရဘုရားသည် မိမိကျွန်တို့၏အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
135:15 သာသနာပလူတို့ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
135:16 ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
135:17 နားရှိ၍ မကြားတတ်။ သူတို့ပါးစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။
135:18 လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။
135:19 အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။
135:20 အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။
135:21 ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော်မူစေသတည်း။ ဟာလေလုယ။