Numbers 2
2:1 တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
2:2 ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ ပရိသတ်စည်းဝေးရာတဲတော်ကို ရှေ့ရှုပြု၍နေရာချရမည်။
2:3 နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:4 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။
2:5 ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသားနာသနေလသည် ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:6 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။
2:7 ထိုနောက်၊ ဇာဗုလုန်တပ်ချ၍ ဟေလုန်သားဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:8 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။
2:9 ယုဒတပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား တစ်သိန်းရှစ်သောင်းခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ချီရကြမည်။
2:10 တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထူ၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:11 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းခြောက်ထောင်ငါးရာ ရှိသတည်း။
2:12 ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲသားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:13 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းကိုးထောင်သုံးရာ ရှိသတည်း။
2:14 ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ်သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:15 သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးထောင်ခြောက်ရာငါးဆယ် ရှိသတည်း။
2:16 ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား တစ်သိန်း ငါးသောင်းတစ်ထောင်လေးရာငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယတပ်အရာ၌ ချီရကြမည်။
2:17 ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးအသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။
2:18 အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:19 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။
2:20 ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလျေလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:21 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
2:22 ထိုနောက်ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသားအဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:23 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။
2:24 ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းရှစ်ထောင်တစ်ရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
2:25 တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒဲသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:26 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိသတည်း။
2:27 ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန်သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:28 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းတစ်ထောင်ငါးရာ ရှိသတည်း။
2:29 ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရသည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
2:30 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းသုံးထောင်လေးရာ ရှိသတည်း။
2:31 ဒန်တပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းငါးသောင်းခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက်ဆုံးတပ်အရာ၌ ချီရကြမည်။
2:32 ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက်ရေအတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်းလူပေါင်းကား၊ ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။
2:33 ထာဝရဘုရားသည်၊ မောရှအားမှာထားတော်မူသည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။
2:34 ထာဝရဘုရားသည်၊ မောရှေအားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကိုလည်းကောင်း၊ မိမိဘိုးဘအမျိုးအလိုက်ချီခြင်းကိုလည်းကောင်း ပြုရကြ၏။