Genesis 14
14:1 ထိုရောအခါ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊
14:2 သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီးဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီးရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်းရှိသတည်း။
14:3 ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သောစိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
14:4 တစ်ဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံကျွန်ခံပြီးလျှင်၊ တစ်ဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။
14:5 တစ်ဆယ်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့်တကွလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ်လူများကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူများကိုလည်းကောင်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကိုလည်းကောင်း၊
14:6 စိရတောင်ပေါ်မှာဟောရိလူများကိုလည်းကောင်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။
14:7 တစ်ဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကိုလည်းကောင်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကိုလည်းကောင်း လုပ်ကြံကြ၏။
14:8 ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီးတို့သည်ချီထွက်၍၊ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။
14:9 ထိုသို့ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။
14:10 စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့်ပြည့်သော တွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည်ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။
14:11 အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကို ယူ၍သွားကြ၏။
14:12 သောဒုံမြို့၌နေသော အာဗြံအစ်ကိုသားလောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
14:13 ထိုဘေးမှ လွတ်၍ပြေးသောသူတစ်ယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိတ်သဟာယဖွဲ့သောသူ၊ ဧရှကောလနှင့် အာနေရ၏အစ်ကို အာမောရိလူ မံရေ၏သပိတ်တောနားမှာနေသော အာဗြံထံသို့ရောက်၍၊ သတင်းကြားပြောလေ၏။
14:14 အာဗြံသည် မိမိအစ်ကိုသားကို ဖမ်းသွားကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ဖွား၍ သွန်သင်သောလူသုံးရာတစ်ဆယ်ရှစ်ယောက်တို့ကိုစီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။
14:15 ညအခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့တိုင်အောင်လိုက်ပြန်လေ၏။
14:16 ရန်သူတို့သိမ်းသွားသောဥစ္စာရှိသမျှကိုလည်းကောင်း၊ မိမိအစ်ကိုသားလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့်လူများကိုလည်းကောင်း၊ တစ်ဖန်ဆောင်ယူခဲ့လေ၏။
14:17 ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသောမင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှာ ရှာဝေချိုင့်တည်းဟူသော မင်းကြီးချိုင့်သို့ထွက်သွား၏။
14:18 အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကိုဆောင်ခဲ့ပြီးလျှင်၊
14:19 ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံအား ကောင်းချီးပေးတော်မူပါစေသောဟု၊ အာဗြံကိုကောင်းချီးပေး၍၊
14:20 သင်၏ရန်သူတို့ကို သင်၏လက်၌အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဖို့တစ်ဖို့လှူလေ၏။
14:21 သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအားပြောဆိုလျှင်၊
14:22 အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှာ လုလင်တို့သည် စားပြီးသောအရာကိုလည်းကောင်း၊ ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဖို့ကိုယူစေခြင်းငှာ အခွင့်ပေးသဖြင့်၊ သူတို့ယူသောအဖို့ကိုလည်းကောင်း ထား၍ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစ်စုံတစ်ခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။