Genesis 15
15:1 ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
15:2 အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။
15:3 တစ်ဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ဖွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
15:4 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲကထွက်သောသူသည် သင်၏အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
15:5 အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုးကောင်းကင်ကိုမျှော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
15:6 အာဗြံသည် ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
15:7 တစ်ဖန်၊ ငါသည် ဤပြည်ကိုသင်အမွေခံစရာဖို့၊ သင်အားပေးလိုသောငှာ၊ ခါလဒဲပြည်သားတို့နေသောဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူလျှင်၊
15:8 အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကို အဘယ်သို့သိရပါအံ့နည်းဟု မေးလျှောက်လေ၏။
15:9 ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသောနွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသောဆိတ်မတစ်ကောင်၊ သုံးနှစ်အသက်ရှိသောသိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်၊ ခိုသငယ်တစ်ကောင်တို့ကိုငါဖို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊
15:10 ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူ၍၊ တစ်ကောင်တစ်ကောင်ကို ထက်ဝက်စီခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို တစ်ဖက်တစ်ချက်၌ထားလေ၏။ ငှက်ကောင်တို့ကိုမခွဲ။
15:11 ငှက်ရဲတို့သည် အသေကောင်တို့အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည်နှင်လေ၏။
15:12 နေဝင်သောအခါ၊ အာဗြံသည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့်ခြင်းသို့ ရောက်လေ၏။
15:13 ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွယ်သည်၊ သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
15:14 သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။
15:15 သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
15:16 လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
15:17 တစ်ဖန် နေဝင်၍မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာလျှောက်သွားလေ၏။
15:18 ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကိုလည်းကောင်း၊
15:19 ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊
15:20 ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကိုလည်းကောင်း၊
15:21 သင်၏အမျိုးအနွယ်အား ငါအပ်ပေးပြီဟုမိန့်တော်မူ၏။