Genesis 21
21:1 ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ကတိတော်ရှိသည်နှင့်လျော်စွာ သူ၌ပြုတော်မူသဖြင့်၊
21:2 စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဖွားလေ၏။
21:3 အာဗြဟံသည်လည်း၊ မိမိရသောသားတည်းဟူသော၊ စာရာဖွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။
21:4 ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။
21:5 သားဣဇာက်ကိုမြင်ရသောအခါ၊ အာဗြဟံသည် အသက်တစ်ရာရှိသတည်း။
21:6 စာရာကလည်း၊ ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသတင်းကို ကြားသောသူအပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍လည်းကောင်း၊
21:7 စာရာသည်သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည်အသက်ကြီးသောအခါ၊ ငါသည်သားကိုဖွားပြီဟူ၍လည်းကောင်း ဆိုလေ၏။
21:8 ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။
21:9 အဲဂုတ္တုအမျိုးသားဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊
21:10 ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇာက်နှင့်အတူ အမွေမခံရဟု အာဗြဟံအား ဆိုလေ၏။
21:11 အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှုအလွန်ခက်သည်ဟု ထင်လေ၏။
21:12 သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။
21:13 ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြဟံအား မိန့်တော်မူ၏။
21:14 အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍၊ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။
21:15 ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံပုတ်အောက်၌ထား၍၊
21:16 ငါသည်သူငယ်သေသည်ကို မမြင်လိုဟုဆိုလျက်၊ ခပ်ဝေးဝေး၊ လေးတစ်ပစ်ခန့်လောက်သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့ထိုင်၍နေစဉ်၊ သူသည်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
21:17 ဘုရားသခင်သည် လုလင်၏အသံကိုကြားတော်မူ၍၊ ဘုရားသခင်၏ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင်နေသောအရပ်ထဲက သူ၏အသံကို ဘုရားသခင်ကြားတော်မူပြီ။
21:18 ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲကခေါ်၍ ဟာဂရအားမြွက်ဆို၏။
21:19 ထိုအခါ ဘုရားသခင်သည် ဟာဂရ၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကိုမြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကိုတိုက်လေ၏။
21:20 ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင်ရှိတော်မူ၏။ သူသည်ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမားဖြစ်လေ၏။
21:21 ပါရန်တော၌နေသည်ဖြစ်၍၊ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတစ်ယောက်ကိုခေါ်၍ သူနှင့် စုံဖက်စေ၏။
21:22 ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည် အာဗြဟံကိုခေါ်၍၊ သင်သည်ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။
21:23 သို့ဖြစ်၍ သင်သည်ငါ့ကိုလည်းကောင်း၊ ငါ့သားကိုလည်းကောင်း၊ ငါ့မြေးကိုလည်းကောင်း၊ မလှည့်စား။ ငါသည်သင်၌ကျေးဇူးပြုသကဲ့သို့ ငါ၌လည်းကောင်း၊ သင်တည်းနေရာ ငါ့ပြည်၌လည်းကောင်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကိုတိုင်တည်၍ ငါ့အားကျိန်ဆိုပါလော့ဟု ပြောဆို၏။
21:24 အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။
21:25 အဘိမလက်မင်း၏ကျွန်တို့သည် အနိုင်အထက်လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည်လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။
21:26 အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ်သူပြုသည်ကို ငါမသိ။ သင်သည်ငါ့ကိုမပြော။ ငါလည်းယနေ့တိုင်အောင် မကြားရဟုဆို၏။
21:27 အာဗြဟံသည်လည်း သိုး၊ နွားတို့ကိုယူပြီးလျှင်၊ အဘိမလက်အားပေး၍ ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ၏။
21:28 အာဗြဟံသည်လည်း သိုးသငယ်မခုနစ်ကောင်တို့ကို သိုးစုနှင့်ခွဲထားလေ၏။
21:29 အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုးသငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟုမေးသော်၊
21:30 အာဗြဟံက၊ ဤရေတွင်းကိုငါတူးပြီးဟု ဤသိုးသငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌သက်သေဖြစ်မည်အကြောင်း သူတို့ကို သင်သည်ငါ့လက်မှခံယူရမည်ဟု ဆိုလေ၏။
21:31 သို့ဖြစ်၍ ထိုအရပ်၌ ထိုနှစ်ပါးတို့သည်ကျိန်ဆိုသောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟုတွင်ကြ၏။
21:32 ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်ပြုကြ၏။ အဘိမလက်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည်ထ၍ ဖိလိတ္တိပြည်သို့ပြန်ကြ၏။
21:33 အာဗြဟံသည် ဗေရရှေဘအရပ်၌ မန်ကျည်းပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြုလေ၏။
21:34 ဖိလိတ္တိပြည်မှာ ကာလရှည်ကြာစွာတည်းနေသတည်း။