Genesis 22
22:1 ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှာ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊
22:2 သင်သည် အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက်ကိုယူ၍၊ မောရိပြည်သို့သွားလော့။ ငါပြလတ္တံ့သောတောင်ပေါ်မှာ၊ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
22:3 အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သားနှစ်ယောက်ကိုခေါ်၍၊ ယဇ်ရှို့စရာထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ထသွားလေ၏။
22:4 သုံးရက်မြောက်သောနေ့၌ မျှော်ကြည့်၍၊ ထိုအရပ်ကိုအဝေးကမြင်လျှင်၊
22:5 ငယ်သားနှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည်သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။
22:6 ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍၊ သားဣဇာက်အပေါ်မှာတင်ပြီးလျှင်၊ မီးနှင့်ဓားကို မိမိလက်၌ကိုင်လျက်၊ နှစ်ယောက်အတူသွားကြ၏။
22:7 သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟုထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာဖို့သိုးသငယ်သည် အဘယ်မှာရှိသနည်းဟုမေးလျှင်၊
22:8 အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဖို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။
22:9 ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သားဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာတင်ထား၏။
22:10 မိမိလက်ကိုဆန့်၍၊ သားကိုသတ်ခြင်းငှာ၊ ဓားကိုကိုင်ယူလေ၏။
22:11 ထိုအခါ၊ ထာဝရဘုရား၏ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်ကခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊
22:12 ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌တစ်ယောက်တည်းသောသားကိုငါတောင်း၍၊ သင်သည်ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
22:13 ထိုအခါ အာဗြဟံသည်မျှော်ကြည့်၍၊ မိမိနောက်မှာ ချုံပုတ်၌ ချိုညှိလျက်ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ယူပြီးလျှင်၊ မိမိသားကိုယ်စား မီးရှို့ရာယဇ်ပြု၍ ပူဇော်လေ၏။
22:14 ထိုအရပ်ကို ယေဟောဝါယိရေဟု အာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ၊ တောင်ပေါ်မှာ ထာဝရဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင်ဆိုလေ့ရှိသတည်း။
22:15 တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်ပေါ်က အာဗြဟံကိုခေါ်လျက်၊
22:16 သင်သည် ဤအမှုကိုပြု၍၊ သင်၏သား၊ သင်၌တစ်ယောက်တည်းသောသားကို၊ ငါ့အားမငြင်းသောကြောင့်၊
22:17 ငါသည် သင့်အားအစဉ်အမြဲကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။
22:18 သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု ငါ၏စကားကိုသင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ကျိန်ဆို၏ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။
22:19 ထိုအခါအာဗြဟံသည် ငယ်သားတို့ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရရှေဘအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
22:20 ထိုနောက်မှ၊ အာဗြဟံကြားသောသတင်းစကားဟူမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဖွားမြင်လေပြီ။
22:21 သားအကြီးဟုဇ၊ သူ့ညီဗုဇ၊ အာရံအဘကေမွေလ၊
22:22 ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလတည်းဟူသော၊
22:23 သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ်၏မယားမိလခါ ဖွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။
22:24 ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှ၊ မာခါတို့ကို ဖွားမြင်လေ၏။