Genesis 32
32:1 ယာကုပ်သည်ခရီးသွားပြန်၍၊ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှာလာကြသည်ကို၊
32:2 ယာကုပ်မြင်လျှင် ဘုရားသခင်၏တပ်တော်ဖြစ်သည်ဟု ဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ၏။
32:3 ထိုအခါ ယာကုပ်သည်၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့၊ တမန်တို့ကို မိမိရှေ့မှာစေလွှတ်၍ မှာလိုက်သည်ကား၊
32:4 ကိုယ်တော်၏ကျွန်ယာကုပ်က၊ ကျွန်တော်သည် လာဗန်ထံမှာတည်းခို၍၊ ယခုတိုင်အောင်နေပါပြီ။
32:5 ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား မိန်းမများရှိကြပါ၏။ ကျွန်တော်သည် သခင်၏စိတ်တော်နှင့်တွေ့စေခြင်းငှာ၊ လျှောက်ကြားလိုက်ပါသည်ဟု၊ ငါ့သခင်ဧသောကိုလျှောက်ကြဟု မှာလိုက်လေ၏။
32:6 တမန်တို့လည်း ယာကုပ်ထံသို့ပြန်လာ၍၊ ကျွန်တော်တို့သည်၊ ကိုယ်တော်၏အစ်ကိုဧသောထံသို့ ရောက်ခဲ့ပါပြီ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှာ၊ လူလေးရာနှင့်ချီလာပါသည်ဟု လျှောက်ကြ၏။
32:7 ထိုအခါယာကုပ်သည်၊ အလွန်ကြောက်၍ စိတ်ပူပန်လျှင်၊ မိမိတွင်ပါသော လူစု၊ သိုးဆိတ်စု၊ နွားစု၊ ကုလားအုတ်များတို့ကို နှစ်စုခွဲ၍ထားလေ၏။
32:8 အကြောင်းမူကား၊ တစ်စုကို ဧသောတွေ့၍လုပ်ကြံလျှင်၊ ကြွင်းသော တစ်စုလွတ်လိမ့်မည်ဟုဆို၏။
32:9 တစ်ဖန်ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရားကိုယ်တော်က၊ သင်၏ပြည်၊ သင်၏အမျိုးသားချင်းတို့ထံသို့ ပြန်လော့။ ငါသည်သင်၌ကျေးဇူးပြုမည်ဟု မိန့်တော်မူပါပြီ။
32:10 ကိုယ်တော်ကျွန်၌ပြတော်မူသော ကရုဏာသစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည်အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲတောင်ဝှေးနှင့်သာကူးပါ၏။ ယခုမူကား၊ အပေါင်းအသင်းနှစ်စုဖြစ်ပါ၏။
32:11 သို့ဖြစ်၍၊ အကျွန်ုပ်ကိုအစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ သားမယားတို့ကိုလည်းကောင်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။
32:12 ကိုယ်တော်က၊ ငါသည်သင်၌ အမှန်ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျှောက်လေ၏။
32:13 ထိုအရပ်၌ တစ်ညပတ်လုံးနေပြီးမှ၊ မိမိလက်ရှိဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာဖို့၊
32:14 ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊
32:15 နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုတ်မသုံးဆယ်၊ နွားမလေးဆယ်၊ နွားထီးတစ်ဆယ်၊ မြည်းမနှစ်ဆယ်နှင့် မြည်းကလေးတစ်ဆယ်တို့ကိုယူ၍၊
32:16 အသီးအသီးတစ်စုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့အပ်ပြီးလျှင်၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား၍၊ တစ်စုနှင့်တစ်စုကို ခရီးကွာစေလော့ဟု၊ ကျွန်တို့အားမှာထားလေ၏။
32:17 ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏လူဖြစ်သနည်း၊ အဘယ်အရပ်သို့သွားသနည်း။ သင့်ရှေ့မှာရှိသောတိရစ္ဆာန်များကား အဘယ်သူ၏ဥစ္စာဖြစ်သနည်းဟုမေးလျှင်၊
32:18 ကိုယ်တော်ကျွန်ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ သခင်ဧသောအား ဆက်သလိုက်သော လက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း နောက်မှာရှိပါ၏ဟု၊ လျှောက်ရမည်ဟု မှာထားလေ၏။
32:19 ထိုနည်းတူ၊ ဒုတိယသူ၊ တတိယသူမှစ၍၊ အစုစုတို့နှင့် လိုက်သောသူအပေါင်းကိုလည်း၊ သင်တို့သည်ဧသောနှင့်တွေ့လျှင်၊ ဤသို့ လျှောက်ရမည်ဟူ၍လည်းကောင်း၊
32:20 ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍လည်းကောင်း မှာထားလေ၏။ ယာကုပ်က၊ ယခုငါ့ရှေ့တွင် ထွက်သွားသောလက်ဆောင်ဖြင့်၊ သူ၏စိတ်ကိုငါဖြေမည်။ နောက်မှ မျက်နှာချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံလိမ့်မည်ဟု အကြံရှိသတည်း။
32:21 ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင်ကူးသွား၍၊ သူကိုယ်တိုင် ထိုည၌ လူအစုအဝေးနှင့်အတူ အိပ်၍နေ၏။
32:22 ညမကုန်မီထ၍ မယားနှစ်ယောက်၊ ကျွန်မနှစ်ယောက်၊ သားတစ်ဆယ်နှင့်တစ်ယောက်တို့ကို ဆောင်ယူ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။
32:23 ထိုသို့သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတစ်ဖက်သို့ကူးစေပြီးမှ၊
32:24 ယာကုပ်သည်တစ်ယောက်တည်းနေရစ်၍၊ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင် သူနှင့်လုံးထွေးလေ၏။
32:25 ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ်ပေါင်ခြံကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။
32:26 ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကောင်းချီးမပေးလျှင်၊ မသွားရဟုဆို၏။
32:27 ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့နည်းဟုမေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။
32:28 နောင်၌ သင်၏အမည်ကိုယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည်ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း၊ မင်းကဲ့သို့ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။
32:29 ယာကုပ်ကလည်း၊ နာမတော်ကားအဘယ်သို့နည်း။ အကျွန်ုပ်အား ဖော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ငါ့နာမကိုအဘယ်ကြောင့်မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းချီးပေးတော်မူ၏။
32:30 ထိုအရပ်ကိုပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက်ချမ်းသာပြီဟု ဆိုသတည်း။
32:31 ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။
32:32 ထိုသို့ယာကုပ်၏ပေါင်ခြံအကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသောအကြောကြီးကို ယနေ့တိုင်အောင်မစား ရှောင်လေ့ရှိကြ၏။