Genesis 33
33:1 ထိုအခါ ယာကုပ်သည်မျှော်ကြည့်၍၊ အစ်ကိုဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများတို့ကိုဝေပေးလေ၏။
33:2 ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့်ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌လည်းကောင်း၊ ရာခေလနှင့် ယောသပ်ကိုနောက်၌လည်းကောင်း ထားလေ၏။
33:3 သူတို့ရှေ့မှာကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ်တိုင်အောင် ဦးညွှတ်ပျပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ချဉ်းကပ်လေ၏။
33:4 ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှာပြေးလာ၍၊ လည်ချင်းယက်လျက်၊ ပိုက်ဖက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။
33:5 ထိုနောက်၊ မျှော်ကြည့်၍၊ မိန်းမများ၊ သူငယ်များကိုမြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ်သူနည်းဟုမေးသော်၊ ကိုယ်တော်၏ကျွန်အား၊ ဘုရားသခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟုပြန်ပြောပြီးမှ၊
33:6 ကျွန်မတို့သည်၊ မိမိတို့သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။
33:7 ထိုနောက်၊ လေအာသည်သူ၏သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့်ရာခေလသည်ချဉ်းကပ်၍ ဦးညွှတ်ခြင်းကိုပြုကြ၏။
33:8 ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စုအပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟုမေးလျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှာဖြစ်ပါသည်ဟု ပြန်ပြော၏။
33:9 ဧသောကလည်း၊ ငါ့ညီ၊ ငါ၌လုံလောက်အောင်ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။
33:10 ယာကုပ်ကလည်း၊ ထိုသို့မဆိုပါနှင့်။ စိတ်တော်နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သောလက်ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏မျက်နှာတော်ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏မျက်နှာကို ဖူးမြင်ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။
33:11 ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏မင်္ဂလာကို ခံယူတော်မူပါ။ဘုရားသခင်သည်၊ ကျွန်တော်၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။
33:12 ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာကျွန်ုပ်သွားမည်ဟုဆိုလျှင်၊
33:13 ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ်တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမတို့သည်ကျွန်တော်၌ပါပါ၏။ တစ်နေ့ချင်းတွင် အနှင်လွန်လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။
33:14 ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာစိရပြည်သို့ရောက်အောင်၊ တဖြည်းဖြည်းပို့ဆောင်ပါမည်ဟု လျှောက်လေ၏။
33:15 ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ပါသောသူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်းရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊
33:16 ဧသောသည်ထိုနေ့ချင်းတွင် စိရပြည်သို့ခရီးသွား၍ ပြန်လေ၏။
33:17 ယာကုပ်လည်း၊ သုကုတ်အရပ်သို့ခရီးသွား၍၊ ကိုယ်နေဖို့အိမ်ကိုလည်းကောင်း၊ တိရစ္ဆာန်များနေဖို့ တင်းကုပ်တို့ကိုလည်းကောင်း၊ ဆောက်လေ၏။ ထိုကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍တွင်လေသတည်း။
33:18 ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။
33:19 တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတစ်ပိဿာအဖိုးပေး၍ ဝယ်ရသတည်း။
33:20 ထိုအရပ်၌လည်း ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။