Genesis 44
44:1 ယောသပ်သည်လည်း ဝန်စာရေးကိုခေါ်၍ ထိုသူတို့အိတ်များ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင်လည်းကောင်း၊
44:2 စပါးအဖိုးငွေနှင့် ငါ့ငွေဖလားကို၊ အငယ်ဆုံးသောသူ၏အိတ်ဝတွင်လည်းကောင်း ထည့်ထားလော့ဟု မှာသည်အတိုင်း ဝန်စာရေးပြုလေ၏။
44:3 နံနက်မိုးလင်းသောအခါ၊ ထိုသူတို့ကိုမြည်းများနှင့်တကွ လွှတ်လိုက်လေ၏။
44:4 မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည်ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန်လိုက်လော့။ မီသောအခါ သင်တို့သည်ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း။
44:5 ငါ့သခင်သောက်သောဖလားမဟုတ်လော။ ထူးဆန်းသောဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ်လော။ သင်တို့ပြုသောဤအမှုသည် မကောင်းပါတကားဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊
44:6 ဝန်စာရေးလိုက်၍မီသောအခါ ပြောဆိုလေ၏။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့်ပြောပါသနည်း။
44:7 ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သောအမှုဝေးပါစေသတည်း။
44:8 ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တစ်ဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။
44:9 ကိုယ်တော်၏ကျွန်တို့တွင် မည်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေ။ ကျွန်တော်တို့သည်လည်း သခင်၏ကျွန်ခံကြပါမည်ဟု ဆိုကြ၏။
44:10 ဝန်စာရေးကလည်း၊ သင်တို့စကားအတိုင်းဖြစ်စေ။ သို့သော်လည်း မည်သူ၌တွေ့လျှင်၊ ထိုသူသည်ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အပြစ်လွှတ်ကြစေဟု ဆိုသော်၊
44:11 ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ်များကို မြေ၌ချ၍ဖွင့်ကြ၏။
44:12 ဝန်စာရေးသည်လည်၊ အကြီးမှစ၍ အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ဖလားကိုတွေ့၏။
44:13 ထိုအခါသူတို့သည် မိမိအဝတ်ကိုဆုတ်၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကိုတင်ပြန်သဖြင့် မြို့သို့ပြန်သွားကြ၏။
44:14 ယုဒနှင့် ညီအစ်ကိုတို့သည် ယောသပ်အိမ်သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာပျပ်ဝပ်လျက် နေကြ၏။
44:15 ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ပြုပြီးသနည်း။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်းသောဉာဏ်ရှိကြောင်းကို သင်တို့မသိကြသလောဟု ဆို၏။
44:16 ယုဒကလည်း၊ ကျွန်တော်တို့သည်သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော်ကျွန်တို့၏အပြစ်ကို ဘုရားသခင်စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏။ ထိုသူမှစ၍ ကျွန်တော်တို့ရှိသမျှသည် သခင်၏ကျွန်ဖြစ်ကြပါ၏ဟု လျှောက်လေသော်၊
44:17 ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကိုတွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလော့ဟု စီရင်လေ၏။
44:18 ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတစ်ခွန်းဖြင့် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်သည် ဖာရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။
44:19 သခင်က၊ သင်တို့သည်အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊
44:20 ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက်ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါရသော သားငယ်တစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဖွားသောသားတို့တွင် သူတစ်ယောက်တည်းကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည်သူ့ကိုချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊
44:21 ကိုယ်တော်က၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။
44:22 ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွာနိုင်ပါ။ အဘနှင့်ခွာလျှင် အဘသေပါလိမ့်မည်ဟု သခင်အားလျှောက်သော်လည်း၊
44:23 ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တစ်ဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။
44:24 ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘထံသို့ ပြန်၍ရောက်သောအခါ၊ သခင်စကားတော်ကို အဘအားပြန်ကြားပါ၏။
44:25 ကျွန်တော်တို့အဘကလည်း၊ တစ်ဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊
44:26 ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် ထိုသူ၏မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ၏။
44:27 ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည်အတိုင်း ငါ့မယားသည် ငါ့အားသားနှစ်ယောက်ကိုဖွား၏။
44:28 တစ်ယောက်ကား ငါ့ထံမှထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်းကိုက်ဖြတ်ခြင်းကို ခံရပါပြီတကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။
44:29 ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အားဆိုပါ၏။
44:30 သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်၊
44:31 သူငယ်မရှိသည်ကိုမြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်။
44:32 ကိုယ်တော်ကျွန်က၊ အကျွန်ုပ်သည် တစ်ဖန်သူငယ်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာအပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံဖြစ်ပါ၏။
44:33 သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက်နေရစ်၍ သခင်ထံကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူပါ။
44:34 သူငယ်သည် ကျွန်တော်၌မပါလျှင်၊ ကျွန်တော်အဘထံသို့ အဘယ်သို့ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ရောက်လတ္တံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက်လေ၏။