Genesis 45
45:1 ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူအပေါင်းတို့ရှေ့တွင်၊ ဣနြေ္ဒကိုမချုပ်တည်းနိုင်သောကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟုဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြားသောသူတစ်ယောက်မျှ မရှိရ။
45:2 သူသည်လည်း ကျယ်သောအသံနှင့်ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင်ကြားကြ၏။
45:3 အစ်ကိုတို့အားလည်း၊ ကျွန်ုပ်သည်ယောသပ်ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို၏။ အစ်ကိုတို့သည်စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက်နေကြ၏။
45:4 ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါးသို့ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည်သို့ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။
45:5 သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှာ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။
45:6 မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။
45:7 ဘုရားသခင်သည် သင်တို့ကိုမြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှာလည်းကောင်း၊ ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှာလည်းကောင်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။
45:8 သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူသတည်း။ ကျွန်ုပ်ကိုဖာရောဘုရင်၏အဘအရာ၌လည်းကောင်း၊ နန်းတော်အုပ်အရာ၌လည်းကောင်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုးသောသခင်အရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။
45:9 အလျင်အမြန်ထ၍ အဘထံသို့သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။
45:10 အဘသည် ဂေါရှင်အရပ်၌နေရမည်။ ကျွန်ုပ်အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။
45:11 ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှတို့သည် ဆင်းရဲခြင်းသို့ရောက်ကြလိမ့်မည်။ အစာခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။
45:12 ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့်နှုတ်ဆက်သည်ကို၊ သင်တို့မျက်စိ၊ ကျွန်ုပ်ညီဗင်္ယာမိန်မျက်စိ အမြင်သားဖြစ်၏။
45:13 အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်မှစ၍ သင်တို့မြင်သမျှတို့ကို အဘအားပြောရမည်။ အလျင်အမြန်ပြု၍ အဘကို ဤပြည်သို့ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင်၊
45:14 ညီဗင်္ယာမိန်လည်ပင်းကိုဖက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ငိုလေ၏။
45:15 တစ်ဖန် အစ်ကိုရှိသမျှတို့ကိုနမ်း၍ သူတို့နှင့်ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။
45:16 ယောသပ်အစ်ကိုတို့သည်ရောက်လာကြပြီဟု နန်းတော်၌သတင်းကြား၍၊ ဖာရောဘုရင်အစရှိသော ကျွန်တော်မျိုးတို့သည်နှစ်သက်ကြ၏။
45:17 ဖာရောဘုရင်သည်လည်းယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့အား အဘယ်သို့ပြောရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကိုဝန်တင်၍ ခါနာန်ပြည်သို့ပြန်သွားသဖြင့်၊
45:18 သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်ကိုငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာစားရကြလိမ့်မည်။
45:19 အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များဖို့၊ အဲဂုတ္တုပြည်ထဲကလှည်းတို့ကိုယူပြီးလျှင် အဘကိုဆောင်၍လာခဲ့ကြလော့။
45:20 သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည်၏စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ်၏ဟု အမိန့်တော်ရှိသည်အတိုင်း၊
45:21 ဣသရေလ၏သားတို့သည်ပြု၍၊ ယောသပ်သည်လှည်းတို့ကိုလည်းကောင်း၊ လမ်းခရီး၌ စားစရိတ်များကိုလည်းကောင်းပေး၏။
45:22 အစ်ကိုရှိသမျှတို့အားလည်းအဝတ်လဲစရာဖို့ပေး၏။ ဗင်္ယာမိန်အားလည်း၊ ငွေအကျပ်သုံးရာနှင့် အဝတ်လဲစရာဖို့ အဝတ်ငါးစုံကို ထပ်၍ပေး၏။
45:23 အဘအားလည်း အဲဂုတ္တုပြည်၏ကောင်းသောအရာတို့ကိုဆောင်သော မြည်းတစ်ဆယ်၊ လမ်းခရီး၌အဘစားစရာဖို့ စပါး၊ မုန့်၊ ခဲဖွယ်စားဖွယ်များကို ဆောင်သောမြည်းတစ်ဆယ်ကိုပေးလိုက်၏။
45:24 သင်တို့သည် လမ်း၌ရန်မတွေ့ကြနှင့်ဟုမှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက်၍ သူတို့သည်သွားကြ၏။
45:25 ထိုသို့အဲဂုတ္တုပြည်မှထွက်သွား၍၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်ကြလျှင်၊
45:26 ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တုပြည်လုံးကိုအုပ်စိုးရ၏ဟု ကြားပြောကြသည်ရှိသော်၊ ယာကုပ်သည်စိတ်နှလုံးလျော့၏။ သူတို့စကားကို မယုံနိုင်။
45:27 သူတို့သည်လည်း ယောသပ်ပြောသမျှသောစကားတို့ကို ပြန်ပြောကြ၏။ အဘယာကုပ်သည် မိမိစီးစရာဖို့ ယောသပ်ပေးလိုက်သောလှည်းတို့ကို မြင်သောအခါ စိတ်နှလုံးအားဖြည့်ပြန်၏။
45:28 ဣသရေလကလည်း၊ တန်တော့။ ငါ့သားယောသပ်အသက်ရှင်သေး၏။ ငါမသေမီ သူ့ကိုသွား၍ကြည့်မည်ဟုဆို၏။