Genesis 46
46:1 ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိအဘဣဇာက်၏ ဘုရားသခင်အားယဇ်ပူဇော်ခြင်းကို ပြုလေ၏။
46:2 ညအခါဗျာဒိတ်တော်အားဖြင့် ဘုရားသခင်က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်ကအကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။
46:3 ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကိုလူမျိုးကြီးဖြစ်စေမည်။
46:4 အဲဂုတ္တုပြည်သို့ သင်နှင့်အတူငါသွားမည်။ တစ်ဖန်ငါဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာတင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
46:5 တစ်ဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဖို့ ဖာရောမင်းပေးလိုက်သောလှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကိုဆောင်လျက်၊
46:6 ခါနာန်ပြည်၌ရသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
46:7 ယာကုပ်သည်ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည်သို့ ဆောင်သွားလေ၏။
46:8 အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။
46:9 ရုဗင်သား။ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ။
46:10 ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သားရှောလ။
46:11 လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
46:12 ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့် ဩနန်သည် ခါနာန်ပြည်၌သေသတည်း။ ဖာရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
46:13 ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
46:14 ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
46:15 ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဖွားသော သားတည်း။ သမီးဒိနနှင့်တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
46:16 ဂဒ်သား။ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။
46:17 အာရှာသား။ ယိမန။ ဣရွှာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။
46:18 ဤသူတို့ကား၊ လာဗန်သည် သမီးလေအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဖွားသောသားတည်း။ ပေါင်းတစ်ဆယ်ခြောက်။
46:19 ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။
46:20 အဲဂုတ္တုပြည်၌ ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသောသား၊ မနာရှေနှင့် ဧဖရိမ်။
46:21 ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
46:22 ဤသူတို့ကား၊ ယာကုပ်မယားရာခေလဖွားသောသားတည်း။ ပေါင်းတစ်ဆယ်လေး။
46:23 ဒန်သား။ ဟုရှိမ်။
46:24 နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
46:25 ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအားလက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဖွားသောသားတည်း။ ပေါင်းခုနစ်။
46:26 ယာကုပ်ချွေးမများကိုမဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်းကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
46:27 အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သောသားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သောယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
46:28 ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှာ ယုဒကိုအရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။
46:29 ယောသပ်သည်ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှာ ဂေါရှင်ပြည်သို့သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကိုဖက်လျက် ကြာကြာငိုလေ၏။
46:30 ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကိုငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး၏ဟု ယောသပ်အားဆိုလေ၏။
46:31 ယောသပ်ကလည်း၊ ဖာရောမင်းထံသို့ ကျွန်ုပ်သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကိုများ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော်ထံသို့ ရောက်ကြပါပြီ။
46:32 ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကိုမွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟုလျှောက်မည်။
46:33 နောက်တစ်ခါ သင်တို့ကိုဖာရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊
46:34 ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကိုမွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာနေသောအခွင့်ကို ရကြလိမ့်မည်။ သိုးထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ဟု အစ်ကိုများ၊ အဘ၏အိမ်သားများတို့ကို ပြောဆို၏။