2 Samuel 22
22:1 ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ထာဝရဘုရား ကယ်လွှတ်တော်မူခြင်းကျေးဇူးကိုခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊
22:2 ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊
22:3 ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကိုကယ်လွှတ်တော်မူ၏။
22:4 ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။
22:5 သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကိုဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။
22:6 မရဏနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍ သေမင်း၏ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက်ရှိ၏။
22:7 ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကိုခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာ ကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ဝင်လေ၏။
22:8 ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုးကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။
22:9 နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။
22:10 မိုးကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။
22:11 ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။
22:12 မှောင်မိုက်တည်းဟူသော တစ်ခဲနက်သောရေနှင့် ထူထပ်သောမိုးတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။
22:13 ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက်ရှိ၏။
22:14 ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုးချုန်း၍၊ အမြင့်ဆုံးသောဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
22:15 လေးမြားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
22:16 ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက်ရှိကြ၏။
22:17 အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။
22:18 ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
22:19 ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာဖြစ်၍၊
22:20 ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
22:21 ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏အကျိုးကို စီရင်တော်မူ၏။
22:22 အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍မသွား။
22:23 စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှ မလွှဲ။
22:24 ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏။
22:25 ထိုကြောင့် ရှေ့တော်မှာ ထင်ရှားသောငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။
22:26 သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကိုလည်းကောင်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကိုလည်းကောင်း၊
22:27 သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကိုလည်းကောင်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကိုလည်းကောင်း ပြတော်မူ၏။
22:28 နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကိုကားရှုတ်ချခြင်းငှာ ကြည့်မှတ်တော်မူ၏။
22:29 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
22:30 အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကိုကျော်၍ ဝင်ပါပြီ။
22:31 ဘုရားသခင်စီရင်တော်မူသောအမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
22:32 ထာဝရဘုရားမှတစ်ပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတစ်ပါး အဘယ်မည်သောကျောက် ရှိသနည်း။
22:33 ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုးဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။
22:34 ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
22:35 ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှာ သွန်သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။
22:36 ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
22:37 အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေမချော်စေခြင်းငှာ ပြုတော်မူသောအားဖြင့်၊
22:38 အကျွန်ုပ်သည် ရန်သူတို့ကိုလိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမီတိုင်အောင် မပြန်ပါ။
22:39 သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်းပါ၏။
22:40 အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
22:41 အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော်မူ၏။
22:42 သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သောသူ မရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
22:43 ထိုအခါ အကျွန်ုပ်သည် သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲလေ၏။
22:44 လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှာ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။
22:45 တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်ကိုတောင်းပန်၍ အကျွန်ုပ်စကားသံကို ကြားသည်ခဏချင်းတွင် နားထောင်ကြပါ၏။
22:46 ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
22:47 ထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဖြစ်၍ ငါ၏ကျောက်၌မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သောကျောက်၏ ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
22:48 ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
22:49 ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။
22:50 ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။
22:51 ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သောရဲတိုက်ဖြစ်တော်မူ၏။ ဘိသိက်တော်ကိုခံရသော ဒါဝိဒ်မှစ၍ အမျိုးအနွယ်အား၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကိုပြုတော်မူ၏။