1 Kings 15
15:1 နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံတစ်ဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကိုသုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏သမီး မာခါအမည်ရှိ၏။
15:3 ခမည်းတော်ပြုသော ဒုစရိုက်ကိုပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။
15:4 သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင်ထာဝရဘုရားသည် ဆွေတော်မျိုးတော်ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။
15:5 အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တစ်သက်လုံး ထာဝရဘုရားမှာထားတော်မူသော အမှုတစ်စုံတစ်ခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။
15:6 ရောဗောင်သားအဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။
15:7 အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
15:8 အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
15:9 ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံနှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ်တစ်နှစ်မင်းပြု၍ ယုဒပြည်ကိုစိုးစံလေ၏။
15:10 အဖွားတော်ကား၊ အဘရှလုံ၏သမီး မာခါဖြစ်၏။
15:11 အာသသည် အဘီတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။
15:12 ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ကိုလည်းကောင်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှတို့ကိုလည်းကောင်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။
15:13 အဖွားတော်မာခါသည် အာရှရပင်အဖို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
15:14 မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။
15:15 ခမည်းတော်လှူသော ဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့သွင်းတော်မူ၏။
15:16 အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
15:17 ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်းငှာ ရာမမြို့ကိုတည်၏။
15:18 ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသသည်ယူ၍ မိမိကျွန်တို့၌အပ်သဖြင့်၊ ဒမာသက်မြို့မှာနေသော ရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ ပေးလိုက်၍၊
15:19 ငါသည်သင်နှင့်လည်းကောင်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှာ၊ သူနှင့်ဖွဲ့သော မိတ်သဟာယကိုဖျက်၍လာပါဟု မှာလိုက်လေ၏။
15:20 အာသမင်းကြီး၏စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှာ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။
15:21 ထိုသတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။
15:22 ထိုအခါ အာသမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတစ်ယောက်မျှမလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွားကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ဂေဘမြို့နှင့် မိဇပါမြို့ကိုတည်၏။
15:23 အာသမင်းပြုမူသော အမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီးသောအခါ ခြေတော်၌အနာရောဂါစွဲသဖြင့်၊
15:24 ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
15:25 ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။
15:26 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။
15:27 ဣသခါအမျိုး၊ အဟိယသားဗာရှာသည် သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊
15:28 ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကိုလုပ်ကြံ၍ နန်းထိုင်လေ၏။
15:29 နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည်မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မီတိုင်အောင်၊ အသက်ရှူသောသူ တစ်ယောက်ကိုမျှ မချန်မထား။
15:30 အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသောအပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသောအပြစ်အားဖြင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သောအကြောင်းတည်း။
15:31 နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။
15:32 အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ၏။
15:33 ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင်၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်လေးနှစ် စိုးစံ၏။
15:34 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။