1 Kings 16
16:1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာသည်ကား၊
16:2 သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှာ ပြုသောကြောင့်၊
16:3 သင်၏အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သားယေရောဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။
16:4 ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင်ငှက်စားလိမ့်မည်ဟု မိန့်တော်မူ၏။
16:5 ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
16:6 ဗာရှာသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
16:7 ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသောအပြစ်ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
16:8 ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊
16:9 ရထားစီးသူရဲ တစ်ဝက်ကိုအုပ်သောသူ၊ မိမိကျွန်ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော်အုပ်အာဇ၏အိမ်၌ ယစ်မူးအောင် သောက်လျက်နေစဉ်အခါ၊
16:10 ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင်အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကိုသေစေခြင်းငှာ လုပ်ကြံ၍ နန်းထိုင်လေ၏။
16:11 နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကို သတ်၏။ ဗာရှာနှင့် ပေါက်ဖော်တော်သောယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတစ်ယောက်ကိုမျှ မချန်မထား။
16:12 ထာဝရဘုရားသည် ဗာရှာကိုအကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော်နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကိုဖျက်ဆီး၏။
16:13 အကြောင်းမူကား၊ ဗာရှာနှင့် သားဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသောအပြစ်နှင့် ဣသရေလအမျိုးကိုလည်းပြစ်မှားစေသော အပြစ်အားဖြင့်လည်းကောင်း၊ မိစ္ဆာဒိဌိအားဖြင့်လည်းကောင်း၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်သောအကြောင်းတည်း။
16:14 ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
16:15 ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခုနစ်နှစ်တွင်၊ ဇိမရိသည် တိရဇမြို့၌ခုနစ်ရက်စိုးစံ၏။
16:16 ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကိုသတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသောသူအပေါင်းတို့သည် သတင်းကြားလျှင်၊ ထိုနေ့ချင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာချီးမြှောက်ကြ၏။
16:17 ဩမရိသည် ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထားကြ၏။
16:18 မြို့ကိုတိုက်၍ရမည်ဟု ဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကိုမီးရှို့သဖြင့် ကိုယ်တိုင်သေလေ၏။
16:19 အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောအကြောင်းတည်း။
16:20 ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။
16:21 ထိုအခါ ပြည်သားတို့သည်ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သားတိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ သူ့နောက်သို့လိုက်ကြ၏။ အချို့တို့သည် ဩမရိနောက်သို့လိုက်ကြ၏။
16:22 ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။
16:23 ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တစ်နှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တစ်ဆယ်နှစ်နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊
16:24 ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက်နှစ်ဆယ်နှင့်ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ဟူ၍သမုတ်လေ၏။
16:25 ဩမရိသည် ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဖူးသောသူအပေါင်းထက် သာ၍ဆိုးညစ်၏။
16:26 နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသောဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။
16:27 ဩမရိပြုမူသောအမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
16:28 ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
16:29 ယုဒရှင်ဘုရင်အာသ နန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။
16:30 ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဖူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။
16:31 နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက်အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည်ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဖက်၍၊ ဗာလဘုရားကိုဝတ်ပြုကိုးကွယ်၏။
16:32 ရှမာရိမြို့တွင် ဗာလဘုရား၏ဗိမာန်၌ ဗာလဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၏။
16:33 အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာဖြစ်ဖူးသော ဣသရေလရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှာသာ၍ပြု၏။
16:34 အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကိုတည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသောစကားနှင့်အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေးစေရပ်လက်ထက်၌ မြို့တံခါးတို့ကိုထောင်၏။