1 Kings 17
17:1 ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်းအားမြွက်ဆို၏။
17:2 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊
17:3 သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။
17:4 ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကိုကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
17:5 ဧလိယသည်သွား၍ ယော်ဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာနေလေ၏။
17:6 ကျီးအတို့သည် နေ့တိုင်း နံနက်တစ်ခါ၊ ညဥ့်ဦးတစ်ခါ မုန့်နှင့် အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်းသောက်ရ၏။
17:7 နောက်တစ်ဖန် မိုးမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
17:8 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရောက်လာသည်ကား၊
17:9 သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့သွား၍ နေလော့။ ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
17:10 ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါးသို့ရောက်သောအခါ၊ မုဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။
17:11 မိန်းမသည်ရေကိုယူခြင်းငှာ သွားစဉ်တွင်၊ တစ်ဖန်ဟစ်၍ မုန့်တစ်ဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
17:12 မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတစ်ပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တစ်လက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဖို့ဖုတ်၍ စားလိုသောငှာလည်းကောင်း၊ စားပြီးမှ သေလိုသောငှာလည်းကောင်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
17:13 ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဖို့ လုပ်လော့။
17:14 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက် မကုန်။ ဘူး၌ရှိသောဆီ မလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
17:15 ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလပတ်လုံးစားရကြ၏။
17:16 ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီ မလျော့။
17:17 ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာသော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။
17:18 မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ်တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မအပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့သောငှာ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယအားဆိုသော်၊
17:19 သင်၏သားကို ငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲကယူ၍ မိမိနေရာအထက်အခန်းသို့ ဆောင်သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာထားပြီးလျှင်၊
17:20 အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရားကို ကြွေးကြော်လေ၏။
17:21 တစ်ဖန် သူငယ်အပေါ်မှာ မိမိကိုယ်ကိုသုံးကြိမ်မှောက်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တစ်ဖန် ဝင်စေတော်မူပါဟု ထာဝရဘုရားကို ကြွေးကြော်ပြန်၏။
17:22 ဧလိယစကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက်ရှင်ပြန်၏။
17:23 ဧလိယသည် သူငယ်ကို အထက်အခန်းမှ အောက်သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟုဆိုလျက် အမိ၌အပ်လေ၏။
17:24 မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏လူ ဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော် ဟုတ်မှန်ကြောင်းကိုလည်းကောင်း၊ ကျွန်မသိပါသည်ဟု ဧလိယအားဆို၏။