1 Kings 5
5:1 ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေးကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့်အစဉ် မိတ်ဆွေဖွဲ့သောသူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ်လေ၏။
5:2 တစ်ဖန် ရှောလမုန်သည်လည်း၊ ဟိရံထံသို့စေလွှတ်လျက်၊
5:3 ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရသောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေဖဝါးတော်အောက်သို့ နှိမ့်ချတော်မမူမီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
5:4 ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည်ဖြစ်၍၊
5:5 ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့်ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏သားသည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။
5:6 မင်းကြီး၏ကျွန်တို့သည် ငါ့အဖို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှာ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင် အဘယ်သူမျှ မခုတ်တတ်သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
5:7 ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည်ကြားလျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသောသားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့ မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊
5:8 မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်းရှူးသစ်သားလိုသမျှကို ပေးပါမည်။
5:9 ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ချပြီးလျှင်၊ ဘောင်လုပ်၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့၍၊ ထိုအရပ်၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း၊ ငါ၏နန်းတော်သား စားစရာရိက္ခာကိုပေး၍ ငါ့အလိုကိုလည်း ပြည့်စုံစေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ်၍ ပြန်ပြော၏။
5:10 ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရှူးသစ်သားကို ပေး၏။
5:11 ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သားများ စားစရာဖို့ တစ်နှစ်တစ်နှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသောဆီ ကောရနှစ်ဆယ်ကို ပေး၏။
5:12 ထာဝရဘုရားသည်လည်း၊ ကတိတော်ရှိသည်အတိုင်း၊ ရှောလမုန်အားပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့် ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်းမရှိ။ မိတ်သဟာယဖွဲ့ကြ၏။
5:13 ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူအပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊
5:14 အလှည့်အလှည့် တစ်လလျှင်တစ်သောင်းစီ၊ လေဗနုန်တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင်ပေါ်မှာတစ်လ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူတို့ကို အဒေါနိရံအုပ်ရ၏။
5:15 ထမ်းရွက်သောသူ ခုနစ်သောင်း၊ တောင်ရိုးပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်းတို့ကိုလည်း စေခိုင်းတော်မူ၍၊
5:16 အုပ်ချုပ်သော မင်းအရာရှိမှတစ်ပါး လုပ်ဆောင်သောသူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။
5:17 ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော်တိုက်မြစ်အဖို့ ကြီးသောကျောက်၊ အဖိုးထိုက်သောကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။
5:18 ထိုသို့ ရှောလမုန်မင်း၏လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့နှင့်တကွ၊ အိမ်တော်ကိုတည်ဆောက်စရာဖို့ သစ်သားများ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။