2 Kings 18
18:1 ဣသရေလရှင်ဘုရင် ဧလာသားဟောရှေ နန်းစံသုံးနှစ်တွင်၊
18:2 ယုဒရှင်ဘုရင် အာခတ်သား ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။
18:3 ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။
18:4 မြင့်သောအရပ်တို့ကို ပယ်၏။ ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၏။ အာရှရပင်တို့ကို ခုတ်လှဲ၏။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်းဖြတ်၏။ အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုမြွေကို နဟုတ္တန်အမည်ဖြင့် မှည့်သတည်း။
18:5 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့၊ သူ့နောက်မှာခိုလှုံသော ယုဒရှင်ဘုရင် တစ်ယောက်မျှမရှိ။ ရှေ့ကာလ၌လည်းမရှိ။
18:6 ထာဝရဘုရား၌ဆည်းကပ်၍ နောက်တော်သို့ အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်တို့ကို စောင့်ရှောက်လေ၏။
18:7 ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့် သူသည် ပြုလေရာရာ၌ အောင်လေ၏။ အာရှုရိရှင်ဘုရင်၏ကျွန်မခံ။ ပုန်ကန်လေ၏။
18:8 ဖိလိတ္တိလူတို့ကိုတိုက်၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သောမြို့များနှင့် ကင်းစောင့်သော မျှော်စင်များကို လုပ်ကြံလေ၏။
18:9 ဟေဇကိမင်းကြီး နန်းစံလေးနှစ်၊ ဣသရေလရှင်ဘုရင် ဧလာသားဟောရှေ နန်းစံခုနစ်နှစ်တွင်၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့ စစ်ချီ၍ ဝိုင်းထား၏။
18:10 သုံးနှစ်စေ့သောအခါ၊ ဟေဇကိနန်းစံခြောက်နှစ်၊ ဣသရေလရှင်ဘုရင်ဟောရှေ နန်းစံကိုးနှစ်တွင် ရှမာရိမြို့ကို တိုက်၍ရကြ၏။
18:11 အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ထား၏။
18:12 အကြောင်းမူကား၊ သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသော ပဋိညာဉ်ကိုလည်းကောင်း၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှကိုလည်းကောင်း၊ အမှုမထားလွန်ကျူးကြ၏။
18:13 ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည် ယုဒပြည်၌ ခိုင်ခံ့သောမြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။
18:14 ယုဒရှင်ဘုရင်ဟေဇကိသည် အာရှုရိရှင်ဘုရင်ရှိရာ လာခိရှမြို့သို့စေလွှတ်၍၊ အကျွန်ုပ်မှားပါပြီ။ ပြန်သွားတော်မူပါ။ ကိုယ်တော်တင်သမျှကိုထမ်းပါမည်ဟု လျှောက်စေသော်၊ အာရှုရိရှင်ဘုရင်သည် ယုဒရှင်ဘုရင်ဟေဇကိ၌ ငွေအခွက်သုံးထောင်၊ ရွှေအခွက်သုံးရာကိုတောင်း၏။
18:15 ဟေဇကိသည် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော် ဘဏ္ဍာတိုက်၌လည်းကောင်း၊ တွေ့သမျှသောငွေကို ပေး၏။
18:16 ဗိမာန်တော်တံခါး၊ တန်ဆာများ၊ ကိုယ်တိုင်အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ်၍ အာရှုရိရှင်ဘုရင်အားပေး၏။
18:17 နောက်တစ်ဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေကြ၏။
18:18 ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ထွက်ပြီးလျှင်၊
18:19 ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိကိုမိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။
18:20 စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှာ အဘယ်သူကို ကိုးစားသနည်း။
18:21 ကျိုးသောကျူလုံး တောင်ဝှေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကို ဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသော သူအပေါင်းတို့ကိုပြုလိမ့်မည်။
18:22 သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော။
18:23 သို့ဖြစ်၍ ယခုတွင် ငါ့သခင်အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌ မြင်းစီးသူရဲလုံလောက်အောင်ရှိလျှင် မြင်းနှစ်ထောင်တို့ကို ငါပေးမည်။
18:24 သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တကား။
18:25 ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှာ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။
18:26 ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာရှိသော သူတို့သည်ကြားရအောင် ယုဒဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကိုဆိုကြလျှင်၊
18:27 ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့် သင့်အားသာ ဤစကားကိုပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင်၊
18:28 ရာဗရှာခသည်ထ၍ ယုဒဘာသာစကားအားဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီး အာရှုရိရှင်ဘုရင်၏ အမိန့်တော်ကို နားထောင်ကြလော့။
18:29 ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည် သင်တို့ကိုငါ့လက်မှ ကယ်ယူခြင်းငှာ မတတ်နိုင်။
18:30 ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန်အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့ မရောက်ရဟုဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။
18:31 ဟေဇကိစကားကို နားမထောင်ကြနှင့်။
18:32 အာရှုရိရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့်မိတ်သဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ပို့ခြင်းငှာ ငါမလာမီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏ အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်ကရေကိုသောက်လျက် နေကြဦးလော့။
18:33 ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။
18:34 ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။
18:35 ထိုအပြည်ပြည်သော ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဖူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။
18:36 ယုဒလူတို့လည်း စကားတစ်ခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။
18:37 ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍ ရာဗရှာခစကားကိုကြားလျှောက်ကြ၏။