2 Kings 19
19:1 ထိုစကားကို ဟေဇကိမင်းကြီးသည်ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုခြုံလျက် ဗိမာန်တော်သို့သွားလေ၏။
19:2 လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏။
19:3 ဟေဇကိမင်းမှာထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်၍ သားကိုဖွားနိုင်အောင် ခွန်အားမရှိ။
19:4 အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန်ရာဗရှာခစကားကို သင်၏ ဘုရားသခင်ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကို ချေတော်မူပါစေသော။ သင်သည်လည်း ကျန်ကြွင်းသောလူတို့အဖို့ ဆုတောင်းပတ္ထနာပြုပါဟု ပြောစေခြင်းငှာ၊
19:5 ဟေဇကိမင်းစေလွှတ်သော ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။
19:6 ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍၊ သင်သည်ကြားရသောစကားကြောင့် မကြောက်နှင့်။
19:7 ထိုမင်း၌ အခြားသောစိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓားဖြင့် ငါဆုံးစေမည်ဟူသောစကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့ ဟုပြောဆို၏။
19:8 ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင် ပြန်သွား၍ လိဗနမြို့ကို ရှင်ဘုရင်တိုက်နေသည်ကိုတွေ့လေ၏။
19:9 နောက်တစ်ဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍လာပြီဟု သတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန်၍၊
19:10 သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသောစကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။
19:11 အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကိုလုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။
19:12 ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသောအမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော။
19:13 ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကိုစိုးစံသောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏။
19:14 ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်၏လက်မှခံယူ၍ ကြည့်ပြီးလျှင် ဗိမာန်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။
19:15 ထိုအခါ ဟေဇကိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊ ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
19:16 အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့၍ပြောစေသော စကားအလုံးစုံတို့ကို မှတ်တော်မူပါ။
19:17 အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး၍၊
19:18 သူတို့၏ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ပျက်စီးခြင်းသို့ရောက်ကြပါပြီ။
19:19 အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည်သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။
19:20 ထိုအခါ အာမုတ်သားဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင်သနာခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာပြုသော ပတ္ထနာစကားကို ငါကြားရပြီ။
19:21 ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။
19:22 သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။
19:23 သင်သည် တမန်များအားဖြင့် ထာဝရဘုရားကိုကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့လည်းကောင်း၊ လေဗနုန်တောင် အထွဋ်သို့လည်းကောင်း တက်လာပြီ။ အရပ်မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသောထင်းရှူးပင်တို့ကို ငါခုတ်လှဲပြီ။ အဝေးဆုံးသောခိုလှုံရာအသီးများသော တောထဲသို့ ငါဝင်ပြီ။
19:24 ငါသည်တွင်းတူး၍ မမြည်းဖူးသောရေကို သောက်ရပြီ။ ငါ၏ခြေဖဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
19:25 ငါသည် အထက်ကဤအမှုကိုစီရင်ကြောင်းနှင့် ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံဖြစ်စေသောသူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။
19:26 ထိုကြောင့် မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင်ကဲ့သို့လည်းကောင်း၊ အိမ်မိုးပေါ်မှာပေါက်သောမြက်ပင်နှင့် မကြီးမီညှိုးနွမ်းသော စပါးပင်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
19:27 သင်၏နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌ အမျက်ဟုန်းခြင်းတို့ကို ငါသိ၏။
19:28 ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုပ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
19:29 သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကိုလည်းကောင်း၊ ဒုတိယနှစ်တွင် ထိုအတူပေါက်သော အရာများကိုလည်းကောင်း သင်တို့သည် စားရမည်။ တတိယနှစ်တွင်မျိုးစေ့ကိုကြဲ၍ စပါးကိုရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကိုစားကြလော့။
19:30 ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တစ်ဖန်အောက်မှာအမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည်။
19:31 ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲကလည်းကောင်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်ကလည်းကောင်း ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
19:32 သို့ဖြစ်၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့မဝင်ရ။ မြို့ထဲသို့ မြားကိုမပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကိုမပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။
19:33 လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။
19:34 ငါသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်း ထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
19:35 ထိုညတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထွက်၍ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစောထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေဖြစ်ကြ၏။
19:36 အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင် နိနေဝေမြို့၌ နေလေ၏။
19:37 နောက်တစ်ဖန် သူသည် မိမိဘုရားနိသရုတ်၏ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ဓားနှင့်သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော်ဧသရဟဒ္ဒုန်သည်လည်း ခမည်းတော်အရာ၌ နန်းထိုင်၏။