2 Kings 20
20:1 ထိုကာလအခါ ဟေဇကိမင်းသည်သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။
20:2 ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊
20:3 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာစောင့်လျက်၊ စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
20:4 ဟေရှာယသည် နန်းတော်အလယ်တံတိုင်းသို့ မရောက်မီ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊
20:5 သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံသို့ တစ်ဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပတ္ထနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့တက်ရလိမ့်မည်။
20:6 သင့်အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။
20:7 ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကိုယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍ အနာကိုအုံပြီးမှ မင်းကြီးသက်သာလေ၏။
20:8 ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကိုပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေးလျှင်၊
20:9 ဟေရှာယက၊ ထာဝရဘုရားအမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ အရိပ်သည် ဆယ်ချက်တိုးရမည်လော။ ဆယ်ချက်ဆုတ်ရမည်လောဟု မေးသော်၊
20:10 ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလို မရှိ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော၏။
20:11 ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ဆယ်ချက်ရွေ့ပြီးသောအရိပ်ကို ဆယ်ချက်ပြန်စေတော်မူ၏။
20:12 ထိုကာလအခါ ဗာလဒန်သားဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။
20:13 ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှမရှိ။
20:14 ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
20:15 နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။
20:16 ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်လော့။
20:17 နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
20:18 သင်နှင့်နွယ်၍ရသော သင်၏သားမြေးတို့ကိုလည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်းအား ပြောဆိုလေ၏။
20:19 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍လည်းကောင်း၊ အကယ်၍ ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍လည်းကောင်း၊ ဟေရှာယအား ဆိုလေ၏။
20:20 ဟေဇကိပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
20:21 ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။