2 Kings 21
21:1 မနာရှေသည် အသက်တစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဟဇ္ဇိဘအမည်ရှိ၏။
21:2 ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တစ်ပါးအမျိုးသား ရွံရှာဖွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
21:3 ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင်အာဟပ်ပြုသကဲ့သို့ ဗာလအဖို့ ယဇ်ပလ္လင်တို့ကိုတည်၏။ အာရှရပင်ကိုလည်း ပြုစု၏။ မိုးကောင်းကင်တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။
21:4 ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရားမိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင်တည်းဟူသော၊
21:5 ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် မိုးကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်တို့ကို တည်၏။
21:6 မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်ကိုသုံးဆောင်၍ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ များစွာသောဒုစရိုက်ကိုပြု၏။
21:7 ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။
21:8 ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေမှာထားသမျှသောတရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှာ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်မှ သူတို့ကို နောက်တစ်ဖန်ငါမရွှေ့မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
21:9 သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှာ မနာရှေသည် သွေးဆောင်လေ၏။
21:10 ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊
21:11 ယုဒရှင်ဘုရင်မနာရှေသည် သူ့ရှေ့မှာဖြစ်ဖူးသော အာမောရိလူတို့ပြုသမျှထက် သာ၍ရွံရှာဖွယ်သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ မိမိရုပ်တုဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့်လည်းကောင်း၊
21:12 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတင်းကြားသောသူတိုင်း နားနှစ်ဖက်ခါးစေခြင်းငှာ ငါသည် ယေရုရှလင်မြို့၊ ယုဒပြည်၌ ဘေးရောက်စေမည်။
21:13 ယေရုရှလင်မြို့အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ချိန်ကြိုးကို ငါတန်းချမည်။ ပန်းကန်ကိုသုတ်၍ သုတ်ပြီးမှမှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။
21:14 ကျန်ကြွင်းသော ငါ့အမွေလူတို့ကို ငါစွန့်၍ ရန်သူလက်သို့အပ်သဖြင့်၊ သူတို့သည် ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက်ရာ ဖြစ်ကြလိမ့်မည်။
21:15 အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် အစဉ်အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကိုပြု၍ ငါ့အမျက်ကိုနှိုးဆော်ကြပြီဟု မိန့်တော်မူ၏။
21:16 မနာရှေသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကိုပြစ်မှားစေသော အပြစ်မှတစ်ပါး အပြစ်မရှိသော သူအများတို့ကိုသတ်၍ ယေရုရှလင်မြို့တစ်ဖက်မှ တစ်ဖက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှာပြု၏။
21:17 မနာရှေပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
21:18 မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
21:19 အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက်အမည်ရှိ၏။
21:20 ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
21:21 ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက်၏။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြုကိုးကွယ်၏။
21:22 ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ ထာဝရဘုရား၏ လမ်းတော်ကို လွှဲရှောင်၏။
21:23 မိမိကျွန်တို့သည် သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။
21:24 အာမုန်မင်းကြီးတစ်ဖက်၌ သင်းဖွဲ့သောသူအပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
21:25 အာမုန်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
21:26 ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။