2 Kings 22
22:1 ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဗောဇကတ်မြို့သား အဒါယ၏သမီး ယေဒိဒအမည်ရှိ၏။
22:2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၍ လက်ယာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။
22:3 ယောရှိမင်းကြီး နန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံသားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကိုခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်းဟိလခိထံသို့ သွားလော့။
22:4 ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါးစောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်းရေတွက်သဖြင့်၊
22:5 ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှာ လုပ်ဆောင်သောသူ၊
22:6 လက်သမားနှင့် ပန်းရန်သမားလုပ်သည်အတွက်၊ ဗိမာန်တော်ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်သည်အတွက် ဝေပေးရမည်အကြောင်းမှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။
22:7 သို့ရာတွင် ထိုငွေကို လက်ခံသောသူတို့သည် သစ္စာစောင့်သောသူဖြစ်သောကြောင့် စာရင်းမပေးရကြ။
22:8 ယဇ်ပုရောဟိတ်မင်း ဟိလခိကလည်း၊ ပညတ္တိကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော်ရှာဖန်အား ဆိုလျက်၊ ကျမ်းစာကိုအပ်၍ စာရေးတော်ဖတ်၏။
22:9 တစ်ဖန် စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍လည်းကောင်း၊
22:10 ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍လည်းကောင်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဖတ်ရွတ်လေ၏။
22:11 ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊
22:12 ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသားအာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အသဟိကိုခေါ်၍၊
22:13 ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဖို့ ဤကျမ်းစာ၌ ရေးထားသမျှသောစကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာအမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
22:14 ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
22:15 မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
22:16 ယုဒရှင်ဘုရင်ဖတ်သော ကျမ်းစကားလာသမျှအတိုင်း ငါသည် ဤအရပ်၌လည်းကောင်း၊ ဤအရပ်သားတို့၌လည်းကောင်း၊ ဘေးရောက်စေမည်။
22:17 အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သောအရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ အခြားတစ်ပါးသောဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
22:18 ထာဝရဘုရားကို မေးလျှောက်စေခြင်းငှာ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကိုရည်ဆောင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တစ်ဖန် ပြန်လျှောက်ရမည်ကား၊
22:19 ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့် ကျိန်ဆဲရာဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကိုလည်းကောင်း၊ ဤအရပ်သားတို့ကိုလည်းကောင်း၊ ငါခြိမ်းခြောက်သောစကားကို သင်သည် ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကိုပြုသောကြောင့် သင့်စကားကို ငါနားထောင်၏။
22:20 ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင်မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။