2 Kings 7
7:1 ဧလိရှဲက၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏။
7:2 ရှင်ဘုရင်မှီခြင်းကိုခံရသောအမတ်က၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြူတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအားဆိုသော်၊ ဘုရားသခင်၏လူက၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြော၏။
7:3 ထိုအခါ မြို့တံခါးဝ၌ထိုင်လျက်ရှိသော လူနူလေးယောက်တို့က၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင့် ဤအရပ်၌ ထိုင်ရမည်နည်း။
7:4 မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင် ရှင်ရမည်။ သတ်လျှင်သေရမည်ဟု တိုင်ပင်ပြီးလျှင်၊
7:5 မိုးမလင်းမီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။
7:6 အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှာ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှာ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှားပြီဟု တစ်ယောက်ကိုတစ်ယောက် ဆိုလျက်၊
7:7 မိုးမလင်းမီထ၍ သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တစ်တပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက်လွတ်အောင် ပြေးကြ၏။
7:8 လူနူတို့သည် တပ်ဦးသို့ရောက်သောအခါ၊ တဲတစ်ခုထဲသို့ဝင်၍ စားသောက်ပြီးမှ၊ ရွှေငွေ အဝတ်တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက်တစ်ဖန် အခြားသောတဲသို့ဝင်၍၊ ဥစ္စာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။
7:9 သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာမပြုပါတကား။ ယခုနေ့သည် ကောင်းသောသတင်းကို ကြားပြောရသောနေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြောဘဲ နေပါပြီတကား။ မိုးလင်းသည်တိုင်အောင် မပြောဘဲနေလျှင် အမှုတစ်စုံတစ်ခု ရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သတင်းကြားပြောအံ့သောငှာ ငါတို့သည်သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊
7:10 မြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့သည် ရှုရိတပ်သို့ရောက်၍ အဘယ်သူကိုမျှမတွေ့။ လူသံကိုမကြား။ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ၏ဟု ကြားပြောသည်အတိုင်း၊
7:11 တံခါးစောင့်တို့သည် တစ်ယောက်ကိုတစ်ယောက် ဟစ်၍၊ ထိုသတင်းသည် နန်းတော်ထဲသို့ ရောက်လေ၏။
7:12 မိုးမလင်းမီ ရှင်ဘုရင်သည်ထ၍၊ ရှုရိလူတို့သည် ငါတို့၌ အဘယ်သို့ပြုလိုသည်ကို ငါပြောမည်။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင်ဖမ်းပြီးမှ၊ မြို့ထဲသို့ဝင်မည်အကြံရှိ၍၊ ငါတို့ငတ်မွတ်ကြောင်းကို သိသောကြောင့်၊ မိမိတို့တပ်ပြင်သို့ထွက်၍ တော၌ပုန်းရှောင်လျက် နေကြသည်ဟုဆိုလျှင်၊
7:13 ကျွန်တစ်ယောက်က၊ မြို့၌ ကျန်ကြွင်းသော မြင်းငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ရောက်သော ဣသရေလ အမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြီးမှ၊
7:14 ရထားမြင်းနှစ်စီးကိုယူပြီးလျှင် သွား၍ကြည့်ရှုလော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ်သည်အတိုင်း၊
7:15 ယော်ဒန်မြစ်တိုင်အောင် လိုက်ကြ၏။ ရှုရိလူတို့သည် အလျင်အမြန်၊ ပြေးရာတွင်၊ ပစ်ခဲ့သော အဝတ်တန်ဆာတို့သည် လမ်း၌ပြည့်လျက်ရှိကြ၏။ စေလွှတ်သူတို့သည် ပြန်လာ၍ နားတော်လျှောက်ကြ၏။
7:16 ထိုအခါ မြို့သားတို့သည်ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏စကားတော်အတိုင်း၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရောင်းကြ၏။
7:17 ရှင်ဘုရင်မှီခြင်းကိုခံရသော အမတ်သည်၊ အမိန့်တော်တိုင်း တံခါးတော်ကိုစောင့်သည်တွင်၊ ထွက်ဝင်သောသူတို့နင်းမိ၍ ဘုရားသခင်၏လူသည် ရှင်ဘုရင်ရောက်လာသောအခါ ပြောဆိုနှင့်သည်အတိုင်း၊ ထိုအမတ်သေလေ၏။
7:18 ဘုရားသခင်၏လူက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ရှင်ဘုရင်အားဆင့်ဆိုသည်အတိုင်း ဖြစ်၏။
7:19 အမတ်ကလည်း၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြူတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအားဆို၍၊ ဘုရားသခင်၏လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြောသည်အတိုင်း၊
7:20 ထိုအမတ်၌ဖြစ်၏။ မြို့တံခါးဝမှာ မြို့သားတို့နင်းခြင်းကို ခံရ၍သေလေ၏။