2 Kings 8
8:1 တစ်ဖန် ဧလိရှဲသည် အထက်က အသက်ရှင်စေသော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍နေနိုင်သောအရပ် တစ်စုံတစ်ရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရားသည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တစ်ပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။
8:2 ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နားထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။
8:3 ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံမည့်အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။
8:4 ထိုအခါ ရှင်ဘုရင်သည် ဘုရားသခင့်လူ၏ကျွန်ဂေဟာဇိနှင့်နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဖွယ်သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊
8:5 ဧလိရှဲသည် သေသောသူ အသက်ရှင်စေကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက်ရှင်စေသော သူငယ်၏အမိသည် ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသောမိန်းမ၊ ဤသူငယ်ကား ဧလိရှဲအသက်ရှင်စေသောသူငယ်ဖြစ်ပါသည်ဟု လျှောက်လျှင်၊
8:6 ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်းသက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကိုလည်းကောင်း၊ ပြည်တော်က ထွက်သောနေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ဖြစ်သမျှကိုလည်းကောင်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှာ အရာရှိတစ်ယောက်ကို ခန့်ထားတော်မူ၏။
8:7 တစ်ဖန် ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရားသခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေသော်၊
8:8 ဟာဇေလကိုခေါ်၍၊ သင်သည် လက်ဆောင်ကိုဆောင်လျက် ဘုရားသခင်၏လူကို ခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည်အတိုင်း၊
8:9 ဟာဇေလသည် ကုလားအုတ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကိုဆောင်သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှာသွား၍ ရှေ့တော်၌ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်က၊ ငါသည် ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှာ၊ ကျွန်တော်ကိုစေလွှတ်ပါသည်ဟု ဆို၏။
8:10 ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
8:11 စေ့စေ့ကြည့်ရှု၍ ဟာဇေလသည်မျက်နှာပျက်လေ၏။ ဘုရားသခင်၏လူသည်လည်း မျက်ရည်ကျ၏။
8:12 ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲက၊ သင်သည် ဣသရေလအမျိုးသားတို့၌ ပြုလတ္တံ့သောဘေးဥပဒ်တည်းဟူသော သူတို့၏ရဲတိုက်များကို မီးရှို့ခြင်း၊ လုလင်များကို ဓားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သောမိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
8:13 ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက်နှင့် ဤမျှလောက်ကြီးသောအမှုကို ပြုရပါလိမ့်မည်လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆို၏။
8:14 ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်းဟုမေးလျှင်၊ ကိုယ်တော်သည် အနာမှဆက်ဆက်ထမြောက်တော်မူမည် ဆိုပါသည်ဟု လျှောက်လေ၏။
8:15 နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွေးအဝတ်ကို ရေ၌နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
8:16 ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံသည် နန်းထိုင်လေ၏။
8:17 အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင်မြို့၌မင်းပြု၍ ရှစ်နှစ်စိုးစံ၏။
8:18 အာဟပ်သမီးနှင့် စုံဖက်သဖြင့်၊ ဣသရေလရှင်ဘုရင်တို့လိုက်ရာလမ်းသို့ အာဟပ်အမျိုးကဲ့သို့လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
8:19 သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသောသားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကိုထောက်၍၊ ယုဒပြည်ကိုမဖျက်ဆီးဘဲ ထားတော်မူ၏။
8:20 ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင်ဘုရင်ကိုပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
8:21 ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့နှင့်တကွ၊ ဇာဣရမြို့သို့စစ်ချီ၍ ညအခါဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ပြေးကြ၏။
8:22 သို့သော်လည်း၊ ဧဒုံပြည်သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။ ထိုကာလ၌လိဗနပြည်သည်လည်း ပုန်ကန်၏။
8:23 ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
8:24 ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
8:25 ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။
8:26 အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ မင်းပြု၍ ယေရုရှလင်မြို့၌ တစ်နှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလရှင်ဘုရင်ဩမရိမြေး အာသလိအမည်ရှိ၏။
8:27 အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့ လိုက်၍၊ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
8:28 အာဟပ်၏သားယောရံနှင့် ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည် ယောရံကိုထိခိုက်ကြ၏။
8:29 ထိုသို့ ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သောအနာပျောက်စေခြင်းငှာ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသားအာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။