1 Chronicles 10
10:1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုစစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
10:2 ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာလိုက်၍၊ ရှောလု၏သား ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။
10:3 စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ပစ်သော မြားမှန်၍ အလွန်နာသောကြောင့်၊
10:4 လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ဓားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာလှဲ၍သေ၏။
10:5 ရှောလုသေသည်ကို လက်နက်ဆောင်လုလင်မြင်လျှင်၊ သူသည်လည်း ထိုဓားကိုထောင်၍ ဓားဖျားပေါ်မှာလှဲ၍သေ၏။
10:6 ထိုသို့ ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။
10:7 ဣသရေလလူပြေးကြောင်း၊ ရှောလုနှင့် သူ၏သားများသေကြောင်းကို၊ ချိုင့်၌နေသော ဣသရေလလူအပေါင်းတို့သည်သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပစ်သဖြင့်၊ ဖိလိတ္တိလူတို့သည်လာ၍နေကြ၏။
10:8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ၏။
10:9 အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကိုယူ၍ သူတို့ရုပ်တုအိမ်များ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ၊ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။
10:10 လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း၌ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။
10:11 ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
10:12 သူရဲအပေါင်းတို့သည် ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကိုယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာ သပိတ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာရှောင်ကြ၏။
10:13 ထိုသို့ရှောလုသည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊
10:14 ထာဝရဘုရားကို မမေးမြန်းဘဲ နတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။