1 Chronicles 11
11:1 ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌စည်းဝေး၍၊ ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
11:2 အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ သင်သည် ငါ၏လူဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
11:3 ထိုသို့ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိတ်သဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရားဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
11:4 တစ်ဖန် ဒါဝိဒ်သည် ဣသရေလလူ အပေါင်းတို့ကိုခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊
11:5 ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
11:6 ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံသောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသား ယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
11:7 ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေသောကြောင့်၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ၏။
11:8 မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည်၌တည်ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကို ယွာဘပြုပြင်လေ၏။
11:9 ဒါဝိဒ်သည် တိုးပွား၍ အားကြီးသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။
11:10 ဣသရေလအမျိုး၌ ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှာ ဣသရေလအမျိုး အပေါင်းတို့နှင့်ဝိုင်း၍ ဒါဝိဒ်မင်းဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်း သူရဲကြီးတို့၏စာရင်းဟူမူကား၊
11:11 ဟခမောနိအမျိုး ယာရှောဗံသည် ဗိုလ်ချုပ်ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက်၊ လူသုံးရာကို တစ်ခါတည်းတိုက်၍ လုပ်ကြံလေ၏။
11:12 သူ့နောက်မှာ အဟောဟိအမျိုး ဒေါဒေါသားဧလာဇာသည် ဒါဝိဒ်နှင့်အတူပါ၊ သဒမ္မိမ်မြို့သို့လိုက်သော သူရဲသုံးယောက်အဝင် ဖြစ်၏။
11:13 ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှာ မုယောစပါးစိုက်သော လယ်ကွက်၌စုဝေး၍ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊
11:14 ထိုသူတို့သည် လယ်ကွက်အလယ်၌ ရပ်၍စောင့်မလျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသောအခါ၊ ထာဝရဘုရားသည် ကြီးစွာသောအောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
11:15 ဗိုလ်စုအဝင် သုံးယောက်တို့သည် ဒါဝိဒ်ရှိရာကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။
11:16 ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိလူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
11:17 ဒါဝိဒ်ကလည်း တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
11:18 ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ်သည် မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊
11:19 ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါစေသော။ ကိုယ်အသက်ကို မနှမြောဘဲ သွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ်အသက်ကိုစွန့်စား၍ ဤရေကို ဆောင်ခဲ့ကြပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကို ပြုကြ၏။
11:20 ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက်အဝင် နေရာရသတည်း။
11:21 သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။
11:22 အထူးသဖြင့် ပြုဖူးသောကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သားဗေနာယသည်လည်း ခြင်္သေ့နှင့်တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်းကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကိုသတ်၏။
11:23 အရပ်ငါးတောင်မြင့်သော အဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသောလှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝှေးကိုသာကိုင်လျက် သွား၍၊ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင် ထိုလှံနှင့် သူ့ကိုသတ်၏။
11:24 ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယသည် ပြု၍ သူရဲသုံးယောက်အဝင် နေရာကိုရ၏။
11:25 ဗိုလ်များထက် သာ၍မြတ်သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကိုလည်း ပေး၏။
11:26 ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
11:27 ဟေရောဒိအမျိုး ရှမ္မ၊ ဖာလတိအမျိုး ဟေလက်၊
11:28 တေကောအမျိုး ဣကေရှ၏သားဣရ၊ အနေသောသိအမျိုး အဗျေဇာ၊
11:29 ဟုရှသိအမျိုး သိဗေကဲ၊ အဟောဟိအမျိုး ဣလဲ၊
11:30 နေတောဖာသိအမျိုး မဟာရဲ၊ နေတောဖာသိအမျိုး ဗာန၏သား ဟေလက်၊
11:31 ဗင်္ယာမိန်အမျိုး၊ ဂိဗာမြို့နေ၊ ရိဘဲ၏သား ဣတ္တဲ၊ ပိရသောနိအမျိုး ဗေနာယ၊
11:32 ဂါရှချိုင့်သား ဟုရဲ၊ အာဗသိအမျိုး အဗျေလ၊
11:33 ဗာဟုမိအမျိုး အာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊
11:34 ဂိဇောနိအမျိုး ယာရှင်၏သားတို့တွင် ယောနသန်၊ ဟာရရိအမျိုး ရှမ္မ၊
11:35 ဟာရရိအမျိုး ရှာရ၏သားအဟိအံ၊ ဥရ၏သား ဧလိဖလ၊
11:36 မေခေရသိအမျိုး ဟေဖာ၊ ပေလောနိအမျိုး အဟိယ၊
11:37 ကရမေလအမျိုး ဟေဇရဲ၊ ဧဇဗဲ၏သား နာရဲ၊
11:38 နာသန်၏ညီ ယောလ၊ ဟဂ္ဂေရိ၏သား မိဗဟာ၊
11:39 အမ္မုန်အမျိုး ဇေလက်၊ ဇေရုယာသား ယွာဘ၏ လက်နက်ဆောင်လုလင်၊ ဗေရောသိအမျိုး နဟာရဲ၊
11:40 ဣသရိအမျိုး ဣရ၊ ဣသရိအမျိုး ဂါရက်၊
11:41 ဟိတ္တိအမျိုး ဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
11:42 ရုဗင်အမျိုးသားသုံးကျိပ်ကို အုပ်သောဗိုလ်၊ ရှိဇ၏သား အဒိန၊
11:43 မာခါ၏သား ဟာနန်၊ မိသနိအမျိုး ယောရှဖတ်၊
11:44 အာရှတယောသိအမျိုး ဩဇိ၊ အာရော်အမျိုး ဟောသန်၏သား ရှာမနှင့်ယေဟေလ၊
11:45 တိဇိအမျိုး ရှိမရိ၏သား ယေဒျေလနှင့် သူ၏ညီယောဟ၊
11:46 မဟာဝိအမျိုး ဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘအမျိုး ဣသမနှင့်တကွ၊
11:47 ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်အမျိုး ယာသေလတည်း။