1 Chronicles 17
17:1 ဒါဝိဒ်မင်းသည် နန်းတော်၌ ငြိမ်ဝပ်စွာနေရသောအခါ၊ ပရောဖက်နာသန်ကိုခေါ်၍ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊
17:2 နာသန်က အကြံတော်ရှိသမျှအတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူ ရှိတော်မူသည်ဟု ပြန်လျှောက်၏။
17:3 ထိုညတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပရောဖက်နာသန်သို့ ရောက်၍၊
17:4 ငါ့ကျွန် ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဖို့ အိမ်ကိုမဆောက်ရ။
17:5 ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော နေ့မှစ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါမနေ။ တဲတစ်ခုမှ တစ်ခုသို့ပြောင်း၍ တဲများတို့နှင့်နေပြီ။
17:6 ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာအရပ်တို့၌ ငါ၏လူမျိုးကို ကျွေးမွေးစေခြင်းငှာ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစ်စုံတစ်ယောက်အား၊ သင်သည် ငါ့အဖို့ အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဖူးသလော။
17:7 ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကို ငါနုတ်ယူ၍၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။
17:8 သင်သွားလေရာရာ၌ ငါလိုက်၍၊ သင်၏ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့်၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင်၌ဂုဏ်အသရေကို ငါပေးပြီ။
17:9 ထိုမှတစ်ပါး၊ ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တစ်ဖန် မပြောင်းမလဲ၊ မိမိတို့နေရာ၌ နေစေခြင်းငှာ ငါမြဲမြံစေမည်။ မတရားသော သူတို့သည် ရှေးကာလ၌လည်းကောင်း၊
17:10 ငါ၏လူ ဣသရေလအမျိုးတရားသူကြီးတို့ကို ခန့်ထားသောကာလ၌လည်းကောင်း၊ ညှဉ်းဆဲသကဲ့သို့ နောက်တစ်ဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။
17:11 သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာသို့သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတစ်ယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။
17:12 ထိုသားသည် ငါ့အဖို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်။
17:13 ငါသည်သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သင့်ရှေ့မှာရှိသော သူ၌ ငါ၏ကရုဏာကိုနုတ်သကဲ့သို့ သင်၏သား၌ ငါမနုတ်။
17:14 ထိုသားကို ငါ့အိမ်၊ ငါ့နိုင်ငံ၌ အစဉ်အမြဲနေရာချမည်။ သူ၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲ တည်ရလိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
17:15 ထိုဗျာဒိတ်တော်စကား အလုံးစုံတို့ကို နာသန်သည် ဒါဝိဒ်အား ပြန်ပြောလေ၏။
17:16 ထိုအခါ ဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သောအမျိုး ဖြစ်ပါသနည်း။
17:17 သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသောသူကဲ့သို့ မှတ်တော်မူပါသည်တကား။
17:18 ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေခြင်းငှာ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရပါမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။
17:19 အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်အကျိုးကိုထောက်၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှာ အလုံစုံတို့ကို ပြုတော်မူပြီ။
17:20 သို့ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မည်မျှမရှိပါ။
17:21 အဲဂုတ္တုပြည်မှ ရွေးနုတ်တော်မူသော ကိုယ်တော်၏လူမျိုးရှေ့မှ လူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဖွယ်သော နာမတော်ကို ကိုယ်တော်အဖို့ ထင်ရှားစေခြင်းငှာ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဖို့ ရွေးနုတ်တော်မူသော ကိုယ်တော်၏လူဣသရေလအမျိုးနှင့်တူသော လူမျိုးတစ်စုံတစ်မျိုးသည် မြေကြီးပေါ်မှာရှိပါသလော။
17:22 အကြောင်းမူကား၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသည် အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှာပြု၍၊ ကိုယ်တော်ထာဝရဘုရားသည် သူတို့ဘုရားသခင် ဖြစ်တော်မူ၏။
17:23 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌လည်းကောင်း၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်၌လည်းကောင်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲတည်ပါစေသော။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။
17:24 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိမည်အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည်ပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ်သည် ရှေ့တော်၌ တည်ပါစေသော။
17:25 အကြောင်းမူကား၊ အိုကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်က သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ပတ္ထနာပြုချင်သောစိတ်ရှိပါ၏။
17:26 ယခုလည်း အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ ဤကျေးဇူးကို ကိုယ်တော်ကျွန်၌ ကတိထားတော်မူပြီ။
17:27 သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း ကောင်းချီးပေးခြင်းငှာ နူးညွတ်သောစိတ် ရှိတော်မူပါ။ အိုထာဝရဘုရား ကိုယ်တော်သည် ကောင်းချီးပေးတော်မူလျှင်၊ ကောင်းချီးမင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။