Library · my

2 Chronicles 13

13:1 ယေ​ရော​ဗောင်​မင်း​ကြီး နန်း​စံ​ဆယ်​နှစ်​နှစ်​တွင် အ​ဘိ​ယ​သည် ယေ​ရု​ရှ​လင်​မြို့၌​မင်း​ပြု၍၊ 13:2 ယု​ဒ​ပြည်​ကို သုံး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဂိ​ဗာ​မြို့​သား ဩ​ရေ​လ၏​သ​မီး မာ​ခါ​အ​မည်​ရှိ၏။ အ​ဘိ​ယ​နှင့် ယေ​ရော​ဗောင်​တို့​သည် စစ်​တိုက်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ 13:3 အ​ဘိ​ယ​သည် ရွေး​ချယ်​သော စစ်​သူ​ရဲ​ကောင်း​လေး​သိန်း​နှင့် စစ်​ခင်း​ကျင်၏။ ယေ​ရော​ဗောင်​သည် ရွေး​ချယ်​သော စစ်​သူ​ရဲ​ကောင်း​ရှစ်​သိန်း​နှင့် စစ်​ခင်း​ကျင်း၏။ 13:4 အ​ဘိ​ယ​သည် ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဇေ​မ​ရိမ်​တောင်​ပေါ်​မှာ ရပ်​လျက်၊ အို​ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ 13:5 ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆား​နှင့်​ယှဉ်​သော​ပ​ဋိ​ညာဉ်​အား​ဖြင့်၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဒါ​ဝိဒ်​နှင့် သား​တော်​မြေး​တော်​တို့၌ အ​စဉ်​အပ်​တော်​မူ​ကြောင်း​ကို၊ သင်​တို့​သိ​မှတ်​သင့်​သည် မ​ဟုတ်​လော။ 13:6 သို့​ရာ​တွင်၊ ဒါ​ဝိဒ်​သား​တော် ရှော​လ​မုန်၏​ကျွန် နေ​ဗတ်​သား​ယေ​ရော​ဗောင်​သည်၊ မိ​မိ​အ​ရှင်​ကို တစ်​ဖက်​ထ၍ ပုန်​ကန်​လေ​ပြီ။ 13:7 ရှော​လ​မုန်​သား​ရော​ဗောင်​သည် အ​သက်​ငယ်၍ သ​ဘော​နူး​ညံ့​သော​ကြောင့်၊ မ​ဆီး​တား​နိုင်​သော​အ​ခါ၊ လျှပ်​ပေါ်​သော​သူ၊ အ​ဓ​မ္မ​လူ​တို့​သည် ယေ​ရော​ဗောင်​ထံ​မှာ စု​ဝေး၍၊ ရော​ဗောင်​မင်း​တစ်​ဖက်၌ ကိုယ်​ကို ခိုင်​ခံ့​စေ​ကြ၏။ 13:8 ယ​ခု​လည်း သင်​တို့​သည် ဒါ​ဝိဒ်၏​သား​မြေး၌​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏ နိုင်​ငံ​တော်​ကို ဆီး​တား​မည်​ဟု ကြံ​စည်​ကြ​သည်​တ​ကား၊ သင်​တို့​သည် များ​ပြား၍ သင်​တို့​ဘု​ရား​အ​ရာ၌၊ ယေ​ရော​ဗောင်​လုပ်​သော ရွှေ​နွား​သ​ငယ်​တို့​လည်း​ရှိ​ကြ၏။ 13:9 သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ခန့်​ထား​တော်​မူ​သော ယဇ်​ပု​ရော​ဟိတ်၊ အာ​ရုန်​အ​မျိုး​နှင့် လေ​ဝိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်၍၊ တစ်​ပါး​အ​မျိုး​သား​ထုံး​စံ​အ​တိုင်း၊ ကိုယ်​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​တို့​ကို လုပ်​ကြ​ပြီ​မ​ဟုတ်​လော။ ထို​သို့​နှင့်​အ​ညီ၊ နွား​သ​ငယ်​တစ်​ကောင်​နှင့် သိုး​ခု​နစ်​ကောင်​ကို​ပေး၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​မ​ဟုတ်​သော​သူ​ထံ​မှာ ယဇ်​ပု​ရော​ဟိတ်​ပြု​ရ​သည်​တ​ကား။ 13:10 ငါ​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​စွန့်။ ထို​ဘု​ရား​သည် ငါ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အာ​ရုန်​အ​မျိုး​ဖြစ်​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း၊ မိ​မိ​တို့​အ​မှု​ကို စောင့်​နေ​ကြ၏။ 13:11 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် နံ့​သာ​ပေါင်း​ကို နံ​နက်​တိုင်း၊ ညဥ့်​ဦး​တိုင်း​မီး​ရှို့​ကြ၏။ သန့်​ရှင်း​သော စား​ပွဲ​ပေါ်​မှာ ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ညဥ့်​ဦး​တိုင်း​ထွန်း​စ​ရာ​ဖို့ ရွှေ​မီး​ခုံ​နှင့် မီး​ခွက်​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။ ငါ​တို့​သည် ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ၏။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။ 13:12 ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​သည်၊ ငါ​တို့​တွင် ဗိုလ်​မင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ တံ​ပိုး​မှုတ်​လျက် သင်​တို့​တစ်​ဖက်၌ နှိုး​ဆော်​ခြင်း​ငှာ၊ ငါ​တို့​တွင်​ရှိ​ကြ၏။ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​တိုက်​ကြ​နှင့်။ တိုက်​လျှင် ရှုံး​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။ 13:13 ယေ​ရော​ဗောင်​သည် ယု​ဒ​လူ​တို့​နောက်၌ မ​ထင်​မ​ရှား​တပ်​ချီ​စေ၍၊ ကိုယ်​တိုင်​တစ်​ဘက်၊ ချောင်း​နေ​သော​သူ​တစ်​ဘက်၊ ယု​ဒ​တပ်​ကို​ဝိုင်း​ကြ၏။ 13:14 ယု​ဒ​လူ​တို့​သည် ပြန်​ကြည့်​သော​အ​ခါ၊ စစ်​မှု​ဝိုင်း​မိ​သည်​ကို​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း တံ​ပိုး​မှုတ်​ကြ၏။ 13:15 တစ်​ဖန် ယု​ဒ​လူ​တို့​သည် ကြွေး​ကြော်​သော​အ​ခါ၊ ဘု​ရား​သ​ခင်​သည် ယေ​ရော​ဗောင်​ကို အ​ဘိ​ယ​နှင့် ယု​ဒ​လူ​တို့​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ 13:16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြေး၍၊ သူ​တို့​ကို ယု​ဒ​လူ​တို့​လက်​သို့ ဘု​ရား​သ​ခင်​အပ်​တော်​မူ၏။ 13:17 အ​ဘိ​ယ​နှင့် သူ၏​လူ​တို့​သည် ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​ကို ပြု၍၊ ရွေး​ချယ်​သော ဣ​သ​ရေ​လ​လူ ငါး​သိန်း​လဲ​သေ​သ​ဖြင့်၊ 13:18 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထို​အ​ခါ​ရှုံး၍၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​ကြောင့် နိုင်​ကြ၏။ 13:19 အ​ဘိ​ယ​သည် ယေ​ရော​ဗောင်​ကို လိုက်၍၊ ဗေ​သ​လ​မြို့​နှင့် ရွာ​များ၊ ယေ​ရှ​န​မြို့​နှင့် ရွာ​များ၊ ဧ​ဖ​ရိမ်​မြို့​နှင့် ရွာ​များ​တို့​ကို သူ့​လက်​မှ​နုတ်​ယူ​လေ၏။ 13:20 အ​ဘိ​ယ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ယေ​ရော​ဗောင်​သည် နောက်​တစ်​ဖန် ခွန်​အား​ကို​မ​ရ​ပြန်။ ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် သေ​လေ၏။ 13:21 အ​ဘိ​ယ​မူ​ကား ခွန်​အား​တိုး​ပွား၏။ မ​ယား​တစ်​ဆယ်​လေး​ယောက်​တို့​ကို​ယူ၍ သား​နှစ်​ဆယ်​နှစ်​ယောက်​နှင့် သ​မီး​တစ်​ဆယ်​ခြောက်​ယောက်​တို့​ကို မြင်​ရ၏။ 13:22 အ​ဘိ​ယ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် ကျင့်​သော​အ​ကျင့်၊ ပြော​သော​စ​ကား​များ​တို့​သည်၊ ရာ​ဇ​ဝင်​နှင့်​ဆက်၍ ပ​ရော​ဖက်​ဣ​ဒ္ဒေါ စီ​ရင်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။