2 Chronicles 15
15:1 ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍၊
15:2 အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှာ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌နေလျှင်၊ နေစဉ်ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။
15:3 ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလအမျိုး၌ မှန်သောဘုရား မရှိ။ ဩဝါဒပေးတတ်သော ယဇ်ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊
15:4 ဘေးရောက်သဖြင့်၊ သူတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။
15:5 ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်း အပြည်ပြည်သား အပေါင်းတို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။
15:6 တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ထကြ၍၊ ဘေးအမျိုးမျိုးအားဖြင့်၊ ဘုရားသခင် ဆုံးမတော်မူ၏။
15:7 သင်တို့မူကား အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည်အတိုင်း အကျိုးကိုခံရကြမည်ဟု မြွက်ဆို၏။
15:8 ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိစကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည် အရပ်ရပ်တို့၌လည်းကောင်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌လည်းကောင်း၊ စက်ဆုပ်ဖွယ်သော အရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော်ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင်လေ၏။
15:9 ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသား အပေါင်းတို့ကိုလည်းကောင်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲကထွက်သော တစ်ပါးအမျိုးသားတို့ကိုလည်းကောင်း စုဝေးစေ၏။ အာသမင်း၏ ဘုရားသခင် ထာဝရဘုရားသည်၊ သူနှင့်အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသားအများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။
15:10 အာသမင်း နန်းစံဆယ်ငါးနှစ်၊ တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊
15:11 ဆောင်ခဲ့သော လက်ရဥစ္စာထဲက နွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
15:12 ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါမည်ဟူ၍လည်းကောင်း၊
15:13 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ်မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍လည်းကောင်း၊
15:14 ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို၍ ဝန်ခံခြင်းပဋိညာဉ် ဖွဲ့ကြ၏။
15:15 ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကို ရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။
15:16 အာသမင်းကြီး၏ အဖွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနုတ်၍၊ ရုပ်တုကို ဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
15:17 မြင့်သောအရပ်တို့ကို ဣသရေလပြည်၌ မပယ်ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသစိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။
15:18 ခမည်းတော်လှူသော ဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထားတော်မူ၏။
15:19 နောက်တစ်ဖန် နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။