2 Chronicles 20
20:1 ထိုနောက်မှ၊ မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ၏။
20:2 အိုင်ကြီးတစ်ဖက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း စစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာ ရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင်၊
20:3 ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှာသဘောချလျက်၊ အစာရှောင်ရာအချိန်ကို၊ ယုဒပြည်တစ်လျှောက်လုံး၌ ကြော်ငြာစေတော်မူ၏။
20:4 ယုဒလူတို့သည် ထာဝရဘုရားကို ဆုတောင်းမည်ဟုစုဝေး၍၊ ထာဝရဘုရားကိုရှာအံ့သောငှာ၊ ယုဒမြို့ရှိသမျှမှ ထွက်လာကြ၏။
20:5 ယောရှဖတ်သည် ဗိမာန်တော်တံတိုင်းသစ်ရှေ့၊ ယုဒပြည်သူ ယေရုရှလင်မြို့သားစည်းဝေးရာ ပရိသတ်အလယ်၌ရပ်လျက်၊
20:6 ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော။ တစ်ပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည် မဟုတ်လော။
20:7 ဤပြည်၌နေဖူးသော သူတို့ကို ကိုယ်တော်၏လူ ဣသရေလအမျိုးရှေ့မှ နှင်ထုတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊ ဤပြည်ကို အစဉ်ပေးတော်မူသော အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော။
20:8 သူတို့သည် နေရာကျ၍၊ နာမတော်အဖို့ သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ကြသောအခါ၊
20:9 အကျွန်ုပ်တို့အပေါ်မှာ ဓားဘေး၊ ဒဏ်ခတ်ခြင်းဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတစ်စုံတစ်ခုရောက်၍၊ နာမတော်ဖြင့်သမုတ်သော ဤအိမ်တော်၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲဒုက္ခကြောင့် အော်ဟစ်ကြသောအခါ၊ နားထောင်၍ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ။
20:10 ယခုတွင်၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ တိုက်ရသောအခွင့် ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲထားခဲ့သော အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့သည်၊
20:11 အကျွန်ုပ်တို့အား အပိုင်ပေးတော်မူသော အမွေခံရာမြေထဲက၊ အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှာလာ၍၊ အဘယ်သို့ ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှုတော်မူပါ။
20:12 အိုအကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင်ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကို တိုက်အံ့သောငှာ လာသော ဤအလုံးအရင်းကြီးကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်ငှာ မတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကို မသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက်နေကြပါသည်ဟု ဆုတောင်း၍၊
20:13 ယုဒလူအပေါင်းတို့သည် သားမယား သူငယ်တို့နှင့်တကွ၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။
20:14 ထိုအခါ ပရိသတ်အလယ်၌ရှိသော လေဝိအမျိုး၊ အာသပ်အနွယ်၊ မတ္တနိ၊ ယေယေလ၊ ဗေနာယ၊ ဇာခရိတို့မှ ဆင်းသက်သော ယဟာဇေလအပေါ်သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သက်ရောက်၍၊
20:15 ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့၊ နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာ ဖြစ်၏။
20:16 နက်ဖြန်နေ့ သူတို့ရှိရာသို့ ချီသွားကြလော့။ သူတို့သည် ဇိဇမြို့သို့ တက်ရာလမ်းဖြင့် လာကြစဉ်၊ ယေရွေလတောစပ်နား၊ ချိုင့်ဝမှာ သင်တို့တွေ့ကြလိမ့်မည်။
20:17 သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ သင်တို့သည် စစ်တိုက်စရာအကြောင်း မရှိသည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ်နေလျက်၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့ ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။
20:18 ယောရှဖတ်သည် မြေပေါ်မှာဦးချ၍ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပျပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ်ကြ၏။
20:19 လေဝိအမျိုး၊ ကောဟတ်အနွယ်သားနှင့် ကောရအနွယ်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို၊ ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှာ ရပ်နေကြ၏။
20:20 နက်ဖြန်နံနက်စောစောထ၍၊ တေကောတောသို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နားထောင်ကြလော့။ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက်တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
20:21 လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု တပ်ရှေ့မှာချီသွားလျက်၊ သန့်ရှင်းခြင်းအသရေကို ချီးမွမ်းရသော သီချင်းသည်တို့ကို ထာဝရဘုရားအဖို့ ခန့်ထားတော်မူ၏။
20:22 ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊
20:23 တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။
20:24 ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တစ်ယောက်မျှမလွတ်၊ မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏။
20:25 ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာကို လုယူခြင်းငှာ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဖိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင် ချွတ်ယူကြ၏။ လက်ရဥစ္စာ အလွန်များသောကြောင့်၊ သုံးရက်ပတ်လုံး လုယူထုပ်ထားလျက် နေကြ၏။
20:26 စတုတ္ထနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။
20:27 ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသောကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာကြွ၍ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊
20:28 စောင်း၊ တယော၊ တံပိုးကို တီးမှုတ်လျက်၊ ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။
20:29 ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည်ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။
20:30 ထိုသို့ ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ ယောရှဖတ်၏နိုင်ငံတော်သည် သာယာ၏။
20:31 ယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍ နှစ်ဆယ်ငါးနှစ်ပတ်လုံး ယေရုရှလင်မြို့မှာ နေလျက်၊ ယုဒပြည်ကို စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီး အဇုဘအမည်ရှိ၏။
20:32 ထိုမင်းသည် ခမည်းတော်အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့်၏။
20:33 သို့ရာတွင်၊ မြင့်သောအရပ်တို့ကို မပယ်ရှား။ လူများတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ဆည်းကပ်ခြင်းငှာ၊ သဘောမချဘဲ နေကြသေး၏။
20:34 ယောရှဖတ်ပြုမူသော အမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ဆက်၍၊ ဟာနန်သားယေဟု စီရင်သောစာ၌ ရေးထားလျက်ရှိ၏။
20:35 နောက်တစ်ဖန် ယုဒရှင်ဘုရင်ယောရှဖတ်သည်၊
20:36 တာရှုမြို့သို့သွားရသော သင်္ဘောတို့ကိုတည်လုပ်ခြင်းငှာ၊ အလွန်အဓမ္မအမှုကို ပြုသော ဣသရေလရှင်ဘုရင် အာခဇိနှင့် ပေါင်းဖော်ပြီးလျှင်၊ ထိုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ၏။
20:37 ထိုအခါ မရေရှမြို့သူ၊ ဒေါဒေဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဖော်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသောအမှုကို ဖျက်တော်မူပြီးဟု ယောရှဖတ်တစ်ဖက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့မသွားနိုင်အောင် ကျိုးပဲ့ကြ၏။