2 Chronicles 4
4:1 အလျား အတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့် ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင်ကိုလည်း လုပ်လေ၏။
4:2 အချင်း ဆယ်တောင်၊ အဝန်း အတောင်သုံးဆယ်၊ အဇောက် ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။
4:3 ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီးရုပ်များ၊ အတောင်တစ်ထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့် တစ်စပ်တည်း သွန်းလေ၏။
4:4 နွားတစ်ဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာသို့ တစ်မျက်နှာလျှင်သုံးခုစီ မျက်နှာပြုကြ၏။
4:5 ရေကန်သည် ဒုလက်တစ်ဝါးရှိ၏။ အပေါ်အနားပတ်လည်သည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ် သုံးထောင်ဝင်နိုင်၏။
4:6 မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာဖို့ အင်တုံဆယ်လုံးကိုလည်းလုပ်၍၊ လက်ယာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ် ရေချိုးစရာဖို့ ဖြစ်သတည်း။
4:7 ရွှေမီးခုံဆယ်ခုကိုလည်း အရင်ပုံနှင့်အညီ လုပ်၍ ဗိမာန်တော်အတွင်း လက်ယာဘက်၌ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။
4:8 စားပွဲဆယ်ခုကိုလည်းလုပ်၍ ဗိမာန်တော်အတွင်း လက်ယာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ ရွှေဖလားတစ်ရာကိုလည်း လုပ်လေ၏။
4:9 ယဇ်ပုရောဟိတ်တံတိုင်း၊ ပြင်တံတိုင်းကြီး၊ တံတိုင်းတံခါးရွက်များကိုလည်း လုပ်၍ တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။
4:10 ရေကန်ကိုလည်း အိမ်တော်လက်ယာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။
4:11 ဟိရံသည် အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူကား၊
4:12 တိုင်နှစ်တိုင်၊ တိုင်ထိပ်နှင့် တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာ ကွန်ရွက်နှစ်ရွက်၊
4:13 ထိုကွန်ရွက်အပေါ်မှာ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊
4:14 ခုံများ၊ ခုံပေါ်မှာတင်ထားသော အင်တုံများ၊
4:15 ရေကန်တစ်ကန်၊ ရေကန်ကိုထောက်သော နွားတစ်ဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အမဲချိတ်များတည်း။
4:16 ရှောလမုန်မင်းကြီးအဖို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။
4:17 ယော်ဒန်ချိုင့်၊ သုကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြားတွင်၊ သရွတ်လုပ်စရာ ကောင်းသောမြေ၌ ရှင်ဘုရင်သွန်းလေ၏။
4:18 ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာလုပ်သောကြောင့်၊ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။
4:19 ရှောလမုန်သည်လည်း၊ ဘုရားသခင်၏ အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာစားပွဲ၊
4:20 တရားတော်အတိုင်း ဗျာဒိတ်ဌာနတော်ရှေ့မှာ ထွန်းစရာဖို့ ရွှေစင်မီးခုံနှင့်မီးခွက်များ၊
4:21 ရွှေစင်ဖြင့်ပြီးသော ပန်းပွင့်၊ မီးခွက်၊ မီးကိုင်တန်ဆာများ၊
4:22 ရွှေစင်ဖြင့်ပြီးသော မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်းခန်းတံခါးရွက်နှင့် ဗိမာန်တော်ပြင်ခန်း တံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ၏။