2 Chronicles 5
5:1 ထိုသို့ ရှောလမုန်သည် ထာဝရဘုရား၏ အိမ်တော်အဖို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက်စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာများကို ဆောင်ခဲ့၍ ဘုရားသခင်၏အိမ်တော် ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။
5:2 ထိုအခါ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှာ၊ ရှောလမုန်သည် ဣသရေလ အမျိုးအသက်ကြီးသူအပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကိုအုပ်သော ခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊
5:3 ဣသရေလလူ အပေါင်းတို့သည်၊ သတ္တမလ၌လုပ်သော ပွဲအတွင်းတွင်၊ ရှင်ဘုရင်ထံတော်သို့ စုဝေးရောက်လာကြ၏။
5:4 ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည်လာ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊
5:5 ပရိသတ်စည်းဝေးရာတဲတော်၊ တဲတော်နှင့်ဆိုင်၍၊ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
5:6 ရှောလမုန်မင်းကြီးမှစ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ၏။
5:7 ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့ သွင်း၍ အလွန်သန့်ရှင်းရာ ဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။
5:8 ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော်နေရာ အပေါ်မှာ ဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းပိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။
5:9 ထမ်းပိုးတို့ကို ဆွဲထားသဖြင့်၊ ထမ်းပိုးဖျားတို့သည် ပြင်ခန်း၌မထင်၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာနတော်၌သာ ထင်၍ ယနေ့တိုင်အောင်ရှိကြ၏။
5:10 ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်းထားသော ကျောက်ပြားနှစ်ပြားမှတစ်ပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။
5:11 ထိုအခါ စည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကိုမစောင့်၊ ရှိသမျှတို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊
5:12 သီချင်းဆိုသော လေဝိသားအာသပ်တပည့်၊ ဟေမန်တပည့်၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင်၍၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ဘက်၌ ရပ်နေကြ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တစ်ရာနှစ်ဆယ်တို့သည်လည်း၊
5:13 သီချင်းဆိုသောသူတို့နှင့် ဝိုင်းလျှင်၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်း၍ ထောမနာပြုခြင်းငှာ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော်မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုးခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရဘုရား၏အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။
5:14 ထိုသို့ ဘုရားသခင်၏အိမ်တော်သည် ထာဝရဘုရား၏ ဘုန်းတော်နှင့်ပြည့်လျက်၊ မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍မနေနိုင်ကြ။