2 Chronicles 6
6:1 ရှောလမုန်ကလည်း၊ ထာဝရဘုရားသည်၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကားတော်ရှိ၏။
6:2 သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲနေတော်မူရာဌာနတော်ကို အကျွန်ုပ်တည်ဆောက်ပါပြီဟု မြွက်ဆို၏။
6:3 တစ်ဖန် ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလအမျိုး ပရိသတ်အပေါင်းကို ကောင်းချီးပေးတော်မူ၏။ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည် မတ်တတ်နေကြ၏။
6:4 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ်တော်စကားဟူမူကား၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောနေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှာ၊ ဣသရေလခရိုင်များတို့တွင် မြို့တစ်စုံတစ်မြို့ကို ငါမရွေး။ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးရသောသူကိုလည်း ငါမရွေးသေး။ ယခုမူကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကိုလည်းကောင်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှာ ဒါဝိဒ်ကိုလည်းကောင်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
6:7 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ခြင်းငှာ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊
6:8 ထာဝရဘုရားက၊ သင်သည် ငါ့နာမအဖို့ အိမ်ကိုတည်ဆောက်ခြင်းငှာ အကြံရှိသောကြောင့်၊ ကောင်းသောအမှုကို ပြုပြီ။
6:9 သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဖို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ၏။
6:10 ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိုက်အရာကို ခံရ၍၊ ထာဝရဘုရားကတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်လေပြီ။
6:11 ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ကို ထိုအိမ်တော်၌ တင်ထားလေပြီဟု မြွက်ဆို၏။
6:12 ထိုအခါ ရှောလမုန်သည် အလျားငါးတောင်၊ အနံငါးတောင်၊
6:13 အမြင့်သုံးတောင်ရှိသော ပလ္လင်ကိုလုပ်၍၊ တံတိုင်းအလယ်၌ထားနှင့်သော ထိုပလ္လင်ပေါ်သို့တက်ပြီးလျှင်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အလယ်မှာ ဒူးထောက်၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊
6:14 အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာ ကိုယ်တော်နှင့်တူသောဘုရား တစ်ဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ကျွန်တို့အဖို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။
6:15 အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ကတိတော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော်မူပြီ။
6:16 အိုဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်က၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့တရားကို ကျင့်လိုသောငှာ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ကတိတော်ကို ယခု စောင့်တော်မူပါ။
6:17 အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။
6:18 သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်၊ အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာ ရှိပါသနည်း။
6:19 သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေးကြော်လျက် ပတ္ထနာပြု၍ တောင်းလျှောက်သောစကားကို နားခံနာယူတော်မူပါ။
6:20 ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညမပြတ်ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။
6:21 ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းပတ္ထနာ ပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
6:22 လူသည် မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊
6:23 ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းနှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
6:24 ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍ နာမတော်ကိုဝန်ခံလျက်၊ ဤအိမ်တော်ကိုမှီခိုလျက်၊ ဆုတောင်းပတ္ထနာပြုလျှင်၊
6:25 ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တစ်ဖန် ပို့ဆောင်တော်မူပါ။
6:26 ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုးမရွာ၊ မိုးခေါင်သဖြင့်၊ ကိုယ်တော်သည် ဆုံးမတော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊
6:27 ကောင်းကင်ဘုံ၌နားထောင်၍ ကိုယ်တော်၏ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှလွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏ လူတို့အားအမွေပေးသော မြေပေါ်မှာ မိုးရွာစေတော်မူပါ။
6:28 ပြည်တော်၌ အစာအာဟာရ ခေါင်းပါးသော်လည်းကောင်း၊ လေထိ၍ အပင်သေသော်လည်းကောင်း၊ အရည်ယို၍ သေသော်လည်းကောင်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်း ကိုက်စားသော်လည်းကောင်း၊ ရန်သူတိုက်လာ၍ မြို့ကိုဝိုင်းထားသော်လည်းကောင်း၊ ဘေးဥပဒ် အနာရောဂါတစ်စုံတစ်ခုရောက်သောခါ၊
6:29 ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသော ဘေးဒဏ်ကိုသိလျက်၊ ဤအိမ်တော်သို့ မိမိတို့လက်ဝါးကိုဖြန့်၍ တစ်စုံတစ်ခုသော ပတ္ထနာစကားအားဖြင့် ဆုတောင်းလျှင်၊
6:30 ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌၊ နားထောင်တော်မူပါ။
6:31 ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့၍၊ တရားတော်လမ်းသို့ လိုက်ပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည်ဖြစ်၍၊ ဆုတောင်းသောသူတို့၏စိတ်နှလုံးသဘောကိုသိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင်တော်မူပါ။
6:32 ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားတို့သည် ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက်သဖြင့်၊ ဝေးသောပြည်မှရောက်လာ၍ ဤအိမ်တော်ကိုမှီခိုလျက် ဆုတောင်းလျှင်၊
6:33 ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည်ကြောက်ရွံ့လျက် နာမတော်ကို သိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့်သမုတ်ကြောင်းကို သိစေခြင်းငှာလည်းကောင်း၊ ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။
6:34 ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင်၊
6:35 သူတို့ ဆုတောင်းပတ္ထနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။
6:36 မပြစ်မှားတတ်သောသူ တစ်ယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတစ်ပါးသော ပြည်သို့ သိမ်းသွားလျှင်လည်းကောင်း၊
6:37 ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည်သတိရ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊
6:38 သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်လည်းကောင်း၊
6:39 သူတို့ ဆုတောင်းပတ္ထနာပြုသောစကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။
6:40 အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။
6:41 အိုထာဝရအရှင် ဘုရားသခင်၊ ကျိန်းဝပ်တော်မူရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော၊
6:42 အိုထာဝရအရှင် ဘုရားသခင်၊ ဘိသိက်ပေးတော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ် ခံရသောကျေးဇူးတော်ကို အောက်မေ့တော်မူပါဟု ပတ္ထနာပြုလေ၏။