2 Chronicles 7
7:1 ထိုသို့ ရှောလမုန်သည် ပတ္ထနာပြု၍ ပြီးသောအခါ၊ ကောင်းကင်ကမီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့်ပြည့်၏။
7:2 ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။
7:3 ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ်၌ မြေပေါ်မှာ ဦးချပျပ်ဝပ်လျက် ကောင်းမြတ်တော်မူသည်၊ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
7:4 ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ လူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော်ကြ၏။
7:5 နွားနှစ်သောင်းနှစ်ထောင်၊ သိုးတစ်သိန်းနှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။
7:6 ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင်ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းစရာဖို့ ဒါဝိဒ်မင်းကြီးစီရင်သော တူရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံသီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။
7:7 ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တံတိုင်းအတွင်းအရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ အရင်လုပ်သော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။
7:8 ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တုမြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက်ပတ်လုံး ပွဲခံတော်မူ၏။
7:9 အဋ္ဌမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ၏။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို အနုမောဒနာပြုပြီးမှ၊ နောက်တစ်ဖန် ခုနစ်ရက်ပတ်လုံး ပွဲခံကြ၏။
7:10 ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှစသော မိမိလူ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည်အကြောင်း၊ သတ္တမလနှစ်ဆယ်သုံးရက်နေ့တွင် လွှတ်လိုက်တော်မူ၏။
7:11 ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင်မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက်သောအခါ၊
7:12 ထာဝရဘုရားသည် ညအချိန်တွင်ထင်ရှားတော်မူလျက်၊ သင်ပြုသော ပတ္ထနာစကားကို ငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှာ ကိုယ်အဖို့ ငါရွေးယူပြီ။
7:13 မိုးမရွာစေခြင်းငှာ ငါသည် မိုးခေါင်စေသော်လည်းကောင်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေခြင်းငှာ ငါမှာထားသော်လည်းကောင်း၊ ငါ့လူတို့၌ ကာလနာကိုစေလွှတ်သော်လည်းကောင်း၊
7:14 ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကိုလွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။
7:15 ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို ငါနားထောင်မည်။
7:16 ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံး အစဉ်စွဲလမ်းစရာဖို့ ဤအိမ်ကိုငါရွေးချယ်၍ သန့်ရှင်းစေပြီ။
7:17 သင်သည် ငါမှာထားသမျှကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ သင့်အဘဒါဝိဒ်ကဲ့သို့ ငါ့ရှေ့မှာကျင့်နေလျှင်၊
7:18 ဣသရေလနိုင်ငံကို အုပ်စိုးရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည်အတိုင်း၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
7:19 သို့မဟုတ် သင်တို့သည် လမ်းလွဲ၍ ငါမှာထားသော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြားတစ်ပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊
7:20 ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနုတ်ပစ်မည်။ ငါ့နာမအဖို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တစ်ပါးအမျိုးသားတို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။
7:21 အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တစ်ယောက်ကမေးမြန်းသော်၊
7:22 တစ်ယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ဘုရားသခင်ထာဝရဘုရားကို သူတို့သည်စွန့်၍ အခြားတစ်ပါးသော ဘုရားကိုမှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။