Ezra 5
5:1 ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရောဖက် ဇာခရိလူတို့သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ၏။
5:2 ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဇဒက်သား ယောရှုသည် ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏။
5:3 ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဖော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍လည်းကောင်း၊
5:4 ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည်ကား အဘယ်သို့နည်း ဟူ၍လည်းကောင်း၊ မေးစစ်ကြသော်လည်း၊
5:5 ဒါရိမင်း အမိန့်တော်မရောက်မီ အလုပ်အကိုင် မပြတ်စေခြင်းငှာ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့လျှောက်စာကို ပေးလိုက်ကြ၏။
5:6 မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဖော်၊
5:7 မြစ်အနောက်ဘက်၌နေသော အဖာသသက်လူတို့သည်၊ ဒါရိမင်းကြီးထံသို့ ပေးလိုက်သော စာချက်ဟူမူကား၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော။
5:8 ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သောဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လုပ်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင်အမြန်လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ်တော်မူပါ။
5:9 ဤအိမ်ကို တည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍လည်းကောင်း၊
5:10 သူကြီးတို့၏ အမည်များကိုစာရင်းယူ၍ အထံတော်သို့ ပေးလိုက်ခြင်းငှာ၊ သူကြီးတို့၏ အမည်များကိုလည်းကောင်း၊ အသက်ကြီးသူတို့၌ မေးမြန်းသောအခါ။
5:11 သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏ကျွန်တော် ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူသော အိမ်တော်ကို ယခုပြုပြင်ကြ၏။
5:12 ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သူတို့ကို ခါလဒဲမင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ်တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား၏။
5:13 ဗာဗုလုန်ရှင်ဘုရင် ကုရုသည်၊ နန်းစံပထမနှစ်တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော်မူ၏။
5:14 နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ဗိမာန်ထဲက တစ်ဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော်မူလျက်၊
5:15 ဤတန်ဆာတို့ကို ယူ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏အိမ်တော်ကို မိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊
5:16 ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည်တည်လုပ်လျက် လက်စမသတ်သေးဟု ပြန်ပြောကြ၏။
5:17 သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော်ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကို သိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာတော်တိုက်၌ ရှာဖွေစေခြင်းငှာ၊ အလိုတော်ရှိလျှင် ရှာဖွေစေတော်မူပါ။ နောက်တစ်ဖန် ဤအမှု၌ အလိုတော်ရှိသည်အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက်တော်မူပါဟု လျှောက်စာ၌ ပါသတည်း။