Ezra 6
6:1 ထိုအခါ ဒါရိမင်းကြီးအမိန့်တော်နှင့် ဗာဗုလုန်မြို့ ဘဏ္ဍာတော်ထားရာ စာတိုက်၌ ရှာဖွေကြ၏။
6:2 မေဒိပြည်၊ အာခမေသမြို့၊ နန်းတော်၌ စာလိပ်ကိုတွေ့၍၊ စာလိပ်၌ပါသော စကားဟူမူကား၊
6:3 ယဇ်ပူဇော်ရာ အိမ်တော်ကို တည်စေ။ တိုက်မြစ်ကို ခိုင်ခံ့စွာချထားစေ။ အမြင့် အတောင်ခြောက်ဆယ်၊ အနံ အတောင်ခြောက်ဆယ် ရှိ၍၊
6:4 ကြီးသောကျောက်တန်း သုံးဆင့်၊ အသစ်သောသစ်သားတန်း တစ်ဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ်များကိုလည်း ဘဏ္ဍာတော်ထဲက ထုတ်၍ပေးစေ။
6:5 ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲက နေဗုခဒ်နေဇာထုတ်၍ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ၌ ထားစေဟု ကုရုမင်းကြီးသည် နန်းစံပထမနှစ်တွင်၊ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမှုမှာ အမိန့်တော်ရှိ၏။
6:6 သို့ဖြစ်၍၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဖော်တည်းဟူသော မြစ်အနောက်ဘက်၌နေသော အဖာသသက်လူတို့၊ ထွက်သွားကြ။
6:7 ထိုဘုရား၏ အိမ်တော်တည်ခြင်းအမှုကို မဆီးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုးအသက်ကြီး သူတို့သည် ထိုအိမ်တော်ကို မိမိနေရာ၌ တည်ပါလေစေ၊
6:8 ထိုမှတစ်ပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော်တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီရမည်အကြောင်း၊ သူတို့သည် အဆီးအတား မရှိစေခြင်းငှာ၊ မြစ်အနောက်ဘက်၌ ခံသော အခွန်တော်တည်းဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက်ချင်း ထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။
6:9 ထိုမှတစ်ပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အားပူဇော်၍၊
6:10 ရှင်ဘုရင်အသက်၊ ဆွေတော်မျိုးတော်တို့၏ အသက်အဖို့ ဆုတောင်းစေခြင်းငှာ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား မီးရှို့ရာယဇ်ပူဇော်စရာဖို့ နွား၊ သိုးထီး၊ သိုးသငယ်၊ စပါး၊ ဆား၊ စပျစ်ရည်၊ ဆီတို့ကို နေ့တိုင်းအစဉ်အပြတ် ပေးစေ။
6:11 ၎င်းနည်း အကြင်သူသည် ဤအမိန့်တော်ကိုငြင်းဆန်လျှင်၊ ထိုသူ၏အိမ်မှ သစ်တိုင်ကိုနုတ်ယူ၍ စိုက်ပြီးမှ သူ့ကိုလည်ဆွဲချစေ။ သူ့အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။
6:12 ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှာ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိသည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင်အမြန်ပြုစေဟု ပေးလိုက်သတည်း။
6:13 ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော်အတိုင်း၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သူတို့အပေါင်းအဖော်တို့သည် အလျင်အမြန်ပြုကြ၏။
6:14 ယုဒအမျိုး အသက်ကြီးသူတို့သည် တည်ဆောက်၍၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိ ဟောသောအားဖြင့်၊ အကြံထမြောက်ကြ၏။ ဣသရေအမျိုး၏ ဘုရားသခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက်၍ လက်စသတ်ကြ၏။
6:15 ဒါရိမင်းကြီးနန်းစံ ခြောက်နှစ်၊ အာဒါလ သုံးရက်နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။
6:16 ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကိုခံဖူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင်၏ အိမ်တော်ကို ဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ၏။
6:17 ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတစ်ရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ်ဖြေရာယဇ်တည်းဟူသော ဆိတ်ထီး တစ်ဆယ်နှစ်ကောင်ကိုလည်းကောင်း၊ ယဇ်ပူဇော်ကြ၏။
6:18 မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရုရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှာ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကိုလည်းကောင်း၊ သင်းဖွဲ့သော လေဝိသားတို့ကိုလည်းကောင်း ခန့်ထားကြ၏။
6:19 သိမ်းသွားခြင်းကို ခံရသောအမျိုးသားတို့သည် ပထမလ တစ်ဆယ်လေးရက်နေ့တွင် ပသခါပွဲကိုလည်း ခံကြ၏။
6:20 ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီတညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ၍၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့်၊ မိမိတို့အဖို့မှစ၍ ပေါက်ဖော်ချင်း ယဇ်ပုရောဟိတ်တို့အဖို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဖို့ ပသခါသိုးသငယ်ကို သတ်ကြ၏။
6:21 သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာသော ဣသရေလအမျိုးသားများ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှာ၊ တစ်ပါးအမျိုးသား နေရာအရပ်အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား၍၊
6:22 ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သောစိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော် တည်ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင် မစမည်အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေတော်မူ၏။