Esther 4
4:1 ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကို ဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။
4:2 လျှော်တေအဝတ်ကို ဝတ်လျက် နန်းတော်တံခါးထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့်၊ နန်းတော်တံခါးရှေ့မှာ ရပ်နေ၏။
4:3 ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ လူများတို့သည် ပြာနှင့်လျှော်တေအဝတ်၌ အိပ်ကြ၏။
4:4 မော်ဒကဲအမှုကို ဧသတာ၏ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက်၊ မော်ဒကဲဝတ်သော လျှော်တေကိုပယ်၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှာ ပေးလိုက်သော်လည်း၊ မော်ဒကဲသည် မခံမယူဘဲနေ၏။
4:5 တစ်ဖန် ဧသတာသည် ရှင်ဘုရင်အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ်၍၊ အဘယ်အမှု ရှိသနည်း။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲကို မေးစေခြင်းငှာ စေလွှတ်သည်အတိုင်း၊
4:6 ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါးရှေ့၊ မြို့တော်လမ်းသို့သွား၍၊
4:7 မော်ဒကဲသည် မိမိ၌ရောက်သောအမှု ရှိသမျှကိုလည်းကောင်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ငွေမည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ကတိထားကြောင်းကိုလည်းကောင်း ကြားပြောလျက်၊
4:8 ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ရှုရှန်နန်းတော်၌ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဖို့ပေး၍၊ ဧသတာသည် မိမိလူမျိုးအဖို့ တောင်းလျှောက်ခြင်းငှာ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက်လေ၏။
4:9 ဟာတက်သည်လည်း လာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏။
4:10 တစ်ဖန် ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊
4:11 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင်ခေါ်တော်မမူဘဲ အတွင်းတံတိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည်အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော်မျိုးများနှင့် နိုင်ငံတော် ပြည်သူပြည်သားများအပေါင်းတို့သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊
4:12 ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသောအခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ်လျှင်၊
4:13 နန်းတော်၌နေသော်လည်း သင့်အသက်လွတ်မည်ဟု မထင်နှင့်။
4:14 ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏။
4:15 ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူအပေါင်းတို့ကို စုဝေးစေခြင်းငှာ သွားပါ။ နေ့ညမပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဖို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည်လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှာ မှာလိုက်သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ ပြုလေ၏။