Job 3
3:1 ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍
3:2 မိမိဖွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား။
3:3 ငါဖွားသောနေ့ရက် ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသောညလည်း ပျက်စီးပါစေ။
3:4 ထိုနေ့ရက် မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်း မပေါ်ထွန်းပါစေနှင့်၊
3:5 မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချပါစေ။ မိုးတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဖွယ် ဖြစ်ပါစေ။
3:6 ထိုညသည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ်နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊
3:7 လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညသည် ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံ မရှိပါစေနှင့်။
3:8 နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညကို ကျိန်ဆဲပါစေ။
3:9 ညဥ့်ဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညသည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုးလင်းကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊
3:10 ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှာ မကွယ်မကာ။
3:11 ငါသည်မွေးစက အဘယ်ကြောင့် မသေသနည်း။ အမိဝမ်းထဲမှထွက်စက အဘယ်ကြောင့် အသက်မချုပ်သနည်း။
3:12 ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက်ရသနည်း။
3:13 ထိုသို့မပြုလျှင် ငါသည်အိပ်၍ ငြိမ်းပြီ။ ပျော်လျက်နေရပြီ။
3:14 မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊
3:15 မှူးမတ်တို့နှင့်လည်းကောင်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသော မင်းတို့နှင့်လည်းကောင်း ငါငြိမ်းရပြီ။
3:16 သို့မဟုတ် အချိန်နေ့လမစေ့မီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
3:17 ထိုအရပ်၌ လူဆိုးတို့သည် နောက်တစ်ဖန် မနှောင့်ယှက်ရ။ ပင်ပန်းသောသူတို့သည် ချမ်းသာရကြ၏။
3:18 အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏ စကားသံကို မကြားရကြ။
3:19 ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏။
3:20 ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့် အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။
3:21 သူတို့သည် သေခြင်းကို တောင့်တ၍မရနိုင်။ ဝှက်ထားသောဥစ္စာကို ဖော်ခြင်းငှာ တူးသည်ထက် သေခြင်းအကြောင်းကို ဖော်ခြင်းငှာ သာ၍တူးကြ၏။
3:22 သူတို့သည် သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။
3:23 မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင် ဆီးကာချုပ်ထားသောသူအား အလင်းနှင့်အသက်ကို အဘယ်ကြောင့် ပေးသနည်း။
3:24 အစာစားခြင်းအရာ၌ ငါညည်းတွားခြင်း ရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ဖြစ်၏။
3:25 ငါကြောက်သောအမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။
3:26 ငါသည် ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက် ရှိသည်ဟု မြွက်ဆိုလေ၏။