Job 36
36:1 တစ်ဖန် ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊
36:2 ငါ့ကို သည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဖို့ ပြောစရာရှိသေး၏။
36:3 ငါသည် ဝေးသောအရပ်က ကိုယ်ပညာကိုဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။
36:4 အကယ်စင်စစ် မမှန်သောစကားကို ငါမပြော။ ပညာအတတ် စုံလင်သောသူသည် သင်၌ရှိ၏။
36:5 ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဉာဏ်သတ္တိနှင့် ပြည့်စုံတော်မူ၏။
36:6 မတရားသောသူတို့၏အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။
36:7 ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေတော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရနေရာချ၍ ချီးမြှောက်တော်မူ၏။
36:8 သူတို့သည် အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည်နှောင်ခြင်းကို ခံရလျှင်၊
36:9 သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသောအပြစ်များတို့ကို ပြတော်မူ၏။
36:10 ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။
36:11 စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့် ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။
36:12 နားမထောင်လျှင် ဓားဘေးဖြင့်ဆုံး၍၊ ပညာအတတ်မရှိဘဲ သေတတ်ကြ၏။
36:13 အဓမ္မသဘောရှိသောသူတို့သည် အမျက်တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသောအခါ မအော်ဟစ်တတ်ကြ။
36:14 အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သောသူတို့နှင့်အတူ ဆုံးတတ်ကြ၏။
36:15 အမှုရောက်သော ဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေခြင်းငှာ ပြုတော်မူ၏။
36:16 ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်းလင်းသောအရပ်သို့ ပြောင်းစေ၍၊ သင်၏စားပွဲပေါ်မှာ ကောင်းသောအရသာနှင့်ပြည့်စုံသော ခဲဖွယ်စားဖွယ်ကို တင်ထားတော်မူလိမ့်မည်။
36:17 သို့မဟုတ် မတရားသောသူကဲ့သို့ အပြစ်နှင့်ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကို ခံရမည်။
36:18 အမျက်တော် ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှ များသောအဖိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနုတ်နိုင်။
36:19 သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကိုလည်းကောင်း၊ များစွာသော စည်းစိမ်ကိုလည်းကောင်း ပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။
36:20 ညကို မတောင့်တနှင့်။ ညအခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။
36:21 သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သောအမှုကို ဆင်းရဲခြင်းထက် သင်သည် အလိုရှိလေပြီတကား။
36:22 ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူအုပ်ချုပ်နိုင်သနည်း။
36:23 ကြွတော်မူရသောလမ်းကို အဘယ်သူစီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။
36:24 လူတို့သည် ချီးမွမ်းအပ်သောအမှုတော်ကို ချီးမြှောက်ခြင်းငှာ သတိပြုလော့။
36:25 လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။
36:26 ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်းကို စစ်၍မကုန်နိုင်ကြ။
36:27 ရေကို သုန်ဖျင်းစေ၍၊ အထက်သို့ ဆွဲယူတော်မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုးရွာတတ်၏။
36:28 မိုးတိမ်မှ လူတို့အပေါ်သို့ မိုးပေါက်ကျ၍၊ များစွာသောမိုး ရွာတတ်၏။
36:29 မိုးတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည်ခြင်းကို အဘယ်သူ နားလည်သနည်း။
36:30 တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်းတော်မူ၏။
36:31 ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏။
36:32 အလင်းကို လက်တော်နှင့်ကွယ်ကာ၍၊ တစ်ဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။
36:33 ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။