Job 37
37:1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိနေရာမှ ရွေ့သွား၏။
37:2 မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက်သောအသံကို စေ့စေ့နားထောင်ကြလော့။
37:3 မိုးကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
37:4 လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုးချုန်းတော်မူ၏။ အသံတော်မြည်သောအခါ မိုးသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။
37:5 အံ့ဩဖွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့် မိုးချုန်းတော်မူ၏။ ကြီးသောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
37:6 မြေပေါ်မှာဖြစ်စေဟု မိုးပွင့်ကိုလည်းကောင်း၊ သုန်ဖျင်းသောမိုးရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုးရေကိုလည်းကောင်း မိန့်တော်မူ၏။
37:7 ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သောအလုပ်ကို ဆီးတားတော်မူ၏။
37:8 ထိုအခါ သားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။
37:9 လေပွေသည် တောင်မျက်နှာမှလည်းကောင်း၊ အချမ်းသည် မြောက်မျက်နှာမှလည်းကောင်း ထွက်လာတတ်၏။
37:10 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။
37:11 မိုးတိမ်မှ မိုးရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုးတိမ်ကို ပျောက်လွင့်စေတော်မူ၏။
37:12 လောကဓာတ် မြေကြီးတစ်လျှောက်လုံးကို မှာထားတော်မူသမျှအတိုင်း ပြုစေခြင်းငှာ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
37:13 ဒဏ်ခတ်သော်လည်းကောင်း၊ မြေတော်ကို ပြုစုသော်လည်းကောင်း၊ ချမ်းသာပေးသော်လည်းကောင်း လာစေတော်မူ၏။
37:14 အို ယောဘ၊ ဤစကားကို နားထောင်လော့။ ဘုရားသခင်၏ အံ့ဖွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့။
37:15 ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုးတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
37:16 ပညာစုံလင်သော ဘုရား၏အံ့ဖွယ်သော အမှုတော်တည်းဟူသော မိုးတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကိုလည်းကောင်း၊
37:17 မြေပေါ်မှာ တောင်လေဖြင့် အချမ်းပျောက်စေတော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သောအားဖြင့် နွေးသည်ကိုလည်းကောင်း နားလည်သလော။
37:18 သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုးကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
37:19 ငါတို့သည် အဘယ်သို့ လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
37:20 ငါပြောသောစကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍လူသည် ဘုရားသခင်ကိုလျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
37:21 လေသည်လာ၍ မိုးကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။
37:22 မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဖွယ်သော ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
37:23 အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်လည်းကောင်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ။
37:24 သို့ဖြစ်၍ လူတို့သည် ကြောက်ရွံ့စရာအကြောင်း ရှိကြ၏။ ဉာဏ်ကောင်းသောသူ တစ်စုံတစ်ယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။