Job 40
40:1 တစ်ဖန် ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသောသူသည် ဆန့်ကျင်ဘက်ပြုဦးမည်လော။
40:2 ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြောစေတော့ဟု ယောဘအားမိန့်တော်မူလျှင်၊
40:3 ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။
40:4 ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
40:5 တစ်ကြိမ် ပြောမိပါပြီ။ တစ်ဖန် မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍လျှောက်လေ၏။
40:6 တစ်ဖန် ထာဝရဘုရားသည် မိုးသက်မုန်တိုင်းထဲက ယောဘအား မိန့်တော်မူသည်ကား၊
40:7 လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။
40:8 သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန် ရှိစေခြင်းငှာ၊ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
40:9 သင်သည် ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သောအသံနှင့် မိုးချုန်းနိုင်သလော။
40:10 ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သောဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
40:11 သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။
40:12 မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
40:13 သူတို့ကိုမြေမှုန့်၌ တစ်စုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
40:14 သို့ပြုလျှင် သင်၏လက်ယာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
40:15 သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်မြင်းကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကိုစားတတ်၏။
40:16 သူ၏တန်ခိုးသည် ခါး၌လည်းကောင်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌လည်းကောင်း တည်လျက်ရှိ၏။
40:17 သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။
40:18 အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီးတို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။
40:19 ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကိုပေးပြီ။
40:20 မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုးသည် သူ၏ကျက်စားရာအရပ် ဖြစ်၏။
40:21 အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံပုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။
40:22 ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်းနားမိုးမခပင်တို့သည် ဝိုင်းကြ၏။
40:23 မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။
40:24 ထိုမြင်းကို ထင်ရှားစွာဖမ်းယူမည်လော။ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော။