Exodus 17
17:1 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ သိန်တောထဲကထွက်၍ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဖို့ရာရေမရှိ။
17:2 ထိုကြောင့်လူများတို့က၊ သောက်ဖို့ရေပေးပါဟုဆို၍ မောရှေကိုရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟုဆိုလေ၏။
17:3 လူများတို့သည်ရေငတ်၍ မောရှေကို အပြစ်တင်မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်းဟု ဆိုကြ၏။
17:4 ထိုအခါ မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့်ပစ်လုကြပါပြီဟု လျှောက်လေ၏။
17:5 ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကိုခေါ်လော့။ မြစ်ကိုရိုက်သော သင်၏လှံတံကိုကိုင်လျက်၊ ဟောရပ်အရပ်သို့သွားလော့။
17:6 ထိုအရပ်၌ရှိသောကျောက်ပေါ်တွင် သင့်ရှေ့မှာငါရပ်နေမည်။ သင်သည် ထိုကျောက်ကိုရိုက်ရမည်။ လူများသောက်ဖို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။
17:7 ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင်ရှိသလော၊ မရှိလောဟု ထာဝရဘုရားကိုစုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့်မေရိဘဟု သမုတ်သတည်း။
17:8 ထိုအခါ အာမလက်လူတို့သည်လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။
17:9 မောရှေကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကိုကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။
17:10 မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့တက်ကြ၏။
17:11 မောရှေသည် လက်ကိုချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကိုချသောအခါ၊ အာမလက်လူတို့သည်နိုင်ကြ၏။
17:12 သို့ရာတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တစ်ယောက်တစ်ဖက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။
17:13 ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကိုဓားလက်နက်ဖြင့် လုပ်ကြံလေ၏။
17:14 ထာဝရဘုရားကလည်း၊ ဤအမှုကိုအောက်မေ့စရာဖို့ စာရေးထား၍ ယောရှုအားဖတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအားမိန့်တော်မူ၏။
17:15 မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။
17:16 အကြောင်းမူကား၊ အာမလက်လူမျိုး၏လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ရန်ဘက်ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကိုစစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။