Exodus 18
18:1 ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးအဖို့ ပြုတော်မူသမျှကိုလည်းကောင်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း၊ မိဒျန်ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ယောက္ခမ ယေသရောကြားသည်ရှိသော်၊
18:2 မောရှေလွှတ်ခဲ့သောမယားနှင့်
18:3 သူ၏သားနှစ်ယောက်ကိုယူ၍သွားလေ၏။ သားတစ်ယောက်ကား၊ ဂေရရှုံအမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။
18:4 သားတစ်ယောက်ကား၊ ဧလျေဇာအမည်ရှိ၏။ အကြောင်းမူကား၊ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်သည် ငါ့ကိုမစ၍ ဖာရောဘုရင်၏ဓားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း။
18:5 မောရှေ၏ယောက္ခမယေသရောသည် မောရှေမယားနှင့် သားတို့ကိုယူ၍၊ တော၌ ဘုရားသခင်၏တောင်တော်နား၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင်၊
18:6 ကိုယ်တော်၏ယောက္ခမယေသရောနှင့် ကိုယ်တော်၏မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ရောက်လာပါပြီဟု မောရှေအားကြားပြောသော်၊
18:7 မောရှေသည်ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တစ်ယောက်နှင့် တစ်ယောက်မေးမြန်းလျက် တဲသို့ဝင်ကြ၏။
18:8 ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကိုလည်းကောင်း၊ လမ်းခရီးတွင်ခံရသော ဆင်းရဲဒုက္ခအလုံးစုံကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူကြောင်းကိုလည်းကောင်း၊ မောရှေသည် ယောက္ခမအားကြားပြောလေ၏။
18:9 ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှကယ်နုတ်၍၊ ပြုတော်မူသောကျေးဇူးကြောင့် ယေသရောသည်ဝမ်းမြောက်လျက်၊
18:10 အဲဂုတ္တုလူတို့လက်မှလည်းကောင်း၊ ဖာရောဘုရင်လက်မှလည်းကောင်း၊ သင့်ကိုကယ်နုတ်တော်မူထသော၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
18:11 ထာဝရဘုရားသည် အခြားသောဘုရားရှိသမျှတို့ထက် သာ၍ကြီးမြတ်တော်မူကြောင်းကို ယခုငါသိ၏။ အကြောင်းမူကား၊ လူတို့သည် မာနထောင်လွှားသောအမှုအရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟုဆိုပြီးမှ၊
18:12 မောရှေ၏ယောက္ခမယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဖို့ ယဇ်များကိုဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ယောက္ခမနှင့်အတူ ဘုရားသခင့်ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။
18:13 နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ၏။ နံနက်မှစ၍ညဥ့်ဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာနေကြ၏။
18:14 မောရှေသည် လူများတို့အားပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှုအဘယ်သို့နည်း။ သင်သည် တစ်ယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ညဥ့်ဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟုဆို၏။
18:15 မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏အယူတော်ကိုခံလို၍ ကျွန်ုပ်ထံသို့လာသောကြောင့် ဤသို့ဖြစ်၏။
18:16 သူတို့သည်အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ပညတ်တရားများကိုသင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊
18:17 ယောက္ခမက၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။
18:18 သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌အလွန်လေး၏။ တစ်ယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။
18:19 ငါ့စကားကိုနားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သောအမှု၌ လူများတို့၏အမှုကိုစောင့်လျက် ဘုရားသခင်အထံတော်သို့ဝင်၍ လျှောက်ရမည်။
18:20 သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်းပြရမည်။
18:21 ထိုမှတစ်ပါး ဘုရားသခင်ကိုကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထားရမည်။
18:22 ထိုသူတို့သည်ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကိုခံကြစေ။ ငယ်သောအမှုကို အလိုလိုစီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည်ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည်သက်သာလိမ့်မည်။
18:23 ထိုသို့ ဘုရားသခင်အခွင့်နှင့်ပြုလျှင် သင်သည်ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာသွားကြလိမ့်မည်ဟု ပြောဆို၏။
18:24 မောရှေသည်လည်း ယောက္ခမ၏စကားကိုနားထောင်၍ စကားရှိသည်အတိုင်း ပြုလျက်၊
18:25 တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲကရွေးကောက်၍ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အသီးအသီး ခေါင်းအရာ၌ခန့်ထားလေ၏။
18:26 ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကိုတရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကိုခံကြ၏။ လွယ်သောအမှုကို အလိုလိုစီရင်ကြ၏။
18:27 ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကိုပေး၍၊ သူသည် မိမိနေရာသို့သွားလေ၏။