Exodus 3
3:1 မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တောနောက်ဘက်သို့ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။
3:2 ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည်ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲရှိသည်ကို မြင်လျှင်၊
3:3 အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ ကြည့်ရှုမည်ဟုဆို၏။
3:4 မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲကခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။
3:5 ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေဖြစ်သည်ဟူ၍လည်းကောင်း၊
3:6 ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။
3:7 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသောငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။
3:8 သူတို့ကိုအဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှကယ်နုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။
3:9 ယခုတွင်လည်း ဣသရေလအမျိုးသားတို့ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည်ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။
3:10 ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်မည်အကြောင်း၊ သင့်ကိုဖာရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။
3:11 မောရှေကလည်း၊ အကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်၍၊ ဖာရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အားလျှောက်လျှင်၊
3:12 ဘုရားသခင်က၊ အကယ်စင်စစ်ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်းလက္ခဏာသက်သေဟူမူကား၊ သင်သည်ထိုလူတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။
3:13 မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။
3:14 ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်းငါဖြစ်၏ဟူ၍လည်းကောင်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟူ၍လည်းကောင်း၊ မောရှေအားမိန့်တော်မူ၏။
3:15 တစ်ဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသောထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏။
3:16 သွား၍ ဣသရေလအမျိုးအသက်ကြီးသူတို့ကိုစုဝေးစေပြီးလျှင်၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော်မူလျက်၊ အကယ်စင်စစ် သင်တို့ကိုငါအကြည့်အရှုလာ၍၊ အဲဂုတ္တုပြည်၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ။
3:17 အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါကတိရှိသည်ဟုမိန့်တော်မူပြီဟု သူတို့အားပြောလော့။
3:18 သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ တောသို့ သုံးရက်ခရီးသွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည်။
3:19 အဲဂုတ္တုရှင်ဘုရင်သည်ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသောအခွင့်ကို သင်တို့အားမပေးကြောင်းကို ငါသိ၏။
3:20 ငါသည်လည်းလက်ကိုဆန့်၍၊ အဲဂုတ္တုပြည်ထဲ၌ ငါပြုလတ္တံ့သော ငါ၏အံ့ဖွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင်တို့ကိုလွှတ်လိမ့်မည်။
3:21 ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသောအခွင့်ကိုငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်းမသွားရကြ။
3:22 အကြောင်းမူကား၊ မိန်းမတိုင်းမိမိအိမ်နီးချင်း၊ မိမိအိမ်မှာတည်းသောသူ၌ ငွေတန်ဆာ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကိုတောင်း၍၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့်၊ အဲဂုတ္တုလူတို့၏ဥစ္စာကိုလုယူကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။