Exodus 25
25:1 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊
25:2 ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ်နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကိုခံရမည်။
25:3 ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊
25:4 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။
25:5 အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။
25:6 လိမ်းရန်ဆီဖော်ဖို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဖော်ဖို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊
25:7 ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကိုခံရမည်။
25:8 ငါသည် သင်တို့တွင်ကျိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။
25:9 ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။
25:10 အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို၊ အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့်မွမ်းမံရမည်။
25:11 သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကိုလည်း လုပ်ရမည်။
25:12 ရွှေလေးကွင်းကိုသွန်း၍၊ သေတ္တာလေးထောင့်၌ တစ်မျက်နှာနှစ်ကွင်းစီ တပ်ရမည်။
25:13 အကာရှသားထမ်းပိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
25:14 သေတ္တာထမ်းစရာဖို့တစ်ဖက်တစ်ချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။
25:15 ထိုထမ်းပိုးကိုလည်း သေတ္တာရွှေကွင်းထဲကမနုတ်၊ အစဉ်ရှိစေရမည်။
25:16 ငါပေးသောသက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာထားရမည်။
25:17 အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။
25:18 ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတစ်ဖက်တစ်ချက်၌ ထုလုပ်ရမည်။
25:19 ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံးကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တစ်ဖက်တစ်ပါးစီလုပ်ပြီးလျှင်၊
25:20 ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးရမည်။
25:21 သေတ္တာအဖုံးကို သေတ္တာပေါ်မှာတင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာထားရမည်။
25:22 ထိုအရပ်၌ ငါသည်သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါးစပ်ကြားမှာ သင်နှင့်နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။
25:23 အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့်လုပ်၍၊
25:24 ရွှေစင်နှင့်မွမ်းမံရမည်။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းကောင်း၊
25:25 အနံလက်တစ်ဝါးရှိသော ခါးပန်းကိုလည်းကောင်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းကောင်း လုပ်ရမည်။
25:26 ရွှေလေးကွင်းကိုလည်းလုပ်၍၊ ခြေထောက်လေးခုအထက် စားပွဲလေးထောင့်၌ တပ်ရမည်။
25:27 ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းပိုးနေရာဖြစ်ရမည်။
25:28 စားပွဲထမ်းစရာ အကာရှသားထမ်းပိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံရမည်။
25:29 စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့်လုပ်ရမည်။
25:30 ငါ့ရှေ့၊ စားပွဲပေါ်မှာရှေ့တော်မုန့်ကို အစဉ်တင်ရမည်။
25:31 မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစ်စပ်တည်းထုရမည်။
25:32 မီးခုံတိုင်တစ်ဖက်တစ်ချက် သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။
25:33 မီးခုံတိုင်ထဲကထွက်သော အလက်သုံးလက်တွင်၊ တစ်လက်တစ်လက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်သုံးခွက်ရှိရမည်။
25:34 မီးခုံတိုင်၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။
25:35 မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဖက်အောက်၌လည်း ဘူးသီးတစ်လုံးစီရှိရမည်။
25:36 ဘူးများ၊ အလက်များတို့ကို တစ်ကိုယ်တစ်စပ်တည်းဖြစ်စေ၍၊ မီးခုံတစ်ကိုယ်လုံးကို ရွှေစင်နှင့်ထုလုပ်ရမည်။
25:37 မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကိုလင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။
25:38 မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။
25:39 မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက်တစ်ဆယ်နှင့် လုပ်ရမည်။
25:40 တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာလုပ်ခြင်းငှာ သတိပြုရမည်။