Exodus 4
4:1 မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါလိမ့်မည်ဟု ပြန်လျှောက်လေ၏။
4:2 ထာဝရဘုရားကလည်း၊ သင်၏လက်၌အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟုလျှောက်၏။
4:3 မြေပေါ်မှာပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်းပစ်ချသဖြင့်၊ လှံတံသည်မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှပြေးလေ၏။
4:4 ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကိုကိုင်ဖမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဖမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။
4:5 သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။
4:6 တစ်ဖန် ထာဝရဘုရားက၊ သင်၏လက်ကို သင်၏ရင်ခွင်သို့သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကိုရင်ခွင်သို့သွင်း၍ထုတ်ပြန်သောအခါ၊ လက်သည် မိုးပွင့်အဆင်းကဲ့သို့ နူလေ၏။
4:7 တစ်ဖန်သင်၏လက်ကို သင့်ရင်ခွင်သို့သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တစ်ဖန်လက်ကိုရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။
4:8 ထိုသူတို့သည်သင့်ကိုမယုံ၊ ပထမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သောနိမိတ်သက်သေကို ယုံကြလိမ့်မည်။
4:9 သို့မဟုတ် ထိုနိမိတ်နှစ်ပါးကိုမယုံ၊ သင်၏စကားကိုနားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကိုယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲကယူသောရေသည် ကုန်းပေါ်မှာ အသွေးဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
4:10 မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင်မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
4:11 ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကိုအဘယ်သူဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားဖန်ဆင်းသည် မဟုတ်လော။
4:12 သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟုမိန့်တော်မူ၏။
4:13 မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟုလျှောက်သော်၊
4:14 ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူအာရုန်သည် သင်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သူသည်ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်းသင့်ကိုခရီးဦးကြိုပြုခြင်းငှာ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။
4:15 သင်သည်သူနှင့်စကားပြော၍၊ သူပြောစရာစကားကိုပေးရမည်။ သင်၏နှုတ်၌လည်းကောင်း၊ သူ၏နှုတ်၌လည်းကောင်းငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။
4:16 သူသည်လည်း လူတို့ရှေ့မှာသင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည်လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။
4:17 သင်သည် နိမိတ်သက်သေတို့ကိုပြလတ္တံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော်မူ၏။
4:18 မောရှေသည်လည်း ယောက္ခမယေသရောထံသို့ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသားချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှာ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကိုပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။
4:19 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်းတို့သည်သေကြပြီဟု မိဒျန်ပြည်၌ မောရှေအားမိန့်တော်မူ၏။
4:20 ထိုအခါ၊ မောရှေသည် မယားနှင့်သားနှစ်ယောက်တို့ကိုယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
4:21 ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဖွယ်သောအမှုအလုံးစုံတို့ကို ဖာရောဘုရင်ရှေ့မှာပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကိုငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲနေလိမ့်မည်။
4:22 ဖာရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည်ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။
4:23 ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့်ရှိစေခြင်းငှာ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင်ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှေအားမှာထားတော်မူ၏။
4:24 ခရီးသွားစဉ်တွင်၊ စခန်းဇရပ်၌ ထာဝရဘုရားသည်မောရှေကိုတွေ့၍ ကွပ်မျက်ခြင်းငှာ ရှာကြံတော်မူ၏။
4:25 ထိုအခါ၊ ဇိပေါရသည် ဓားကိုယူ၍ သား၏အရေဖျားကိုလှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပျပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်သည်ဟု ဆို၏။
4:26 ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီးမင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟုဆိုသတည်း။
4:27 ထာဝရဘုရားကလည်း၊ မောရှေကိုခရီးဦးကြိုပြုခြင်းငှာတောသို့သွားလော့ဟု အာရုန်အားမိန့်တော်မူသည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏တောင်ပေါ်၌ မောရှေကိုတွေ့၍ နမ်းခြင်းကိုပြု၏။
4:28 မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကိုလည်းကောင်း၊ အာရုန်အားကြားပြောလေ၏။
4:29 ထိုသူညီနောင်နှစ်ပါးတို့သည်သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကိုစုဝေးစေပြီးလျှင်၊
4:30 အာရုန်သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသော စကားတော်အလုံးစုံတို့ကိုပြန်ပြော၍၊ လူတို့ရှေ့မှာနိမိတ်သက်သေတို့ကိုပြလေ၏။
4:31 ထိုလူများတို့သည်ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူသည်ကိုလည်းကောင်း၊ သူတို့ခံရသောဆင်းရဲခြင်းကို မှတ်တော်မူသည်ကိုလည်းကောင်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။