Exodus 5
5:1 ထိုနောက်မှ၊ မောရှေနှင့် အာရုန်သည် ဖာရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ငါ့အဖို့ ပွဲခံစေခြင်းငှာလွှတ်ရမည်ဟု မိန့်တော်မူကြောင်းကို လျှောက်၏။
5:2 ဖာရောမင်းကလည်း၊ ထာဝရဘုရား၏စကားကိုနားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရားကို ငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ၏။
5:3 သူတို့ကလည်း၊ ဟေဗြဲလူတို့၏ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက်ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကိုပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ဓားဘေးတစ်စုံတစ်ခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။
5:4 အဲဂုတ္တုရှင်ဘုရင်ကလည်း၊ မောရှေနှင့်အာရုန်၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း။ အမှုတော်ကိုသွား၍ ဆောင်ရွက်ကြဟု မိန့်တော်မူ၏။
5:5 တစ်ဖန်လည်းပြည်တော်၌ ထိုလူတို့သည် ယခုများကြ၏။ အမှုမထမ်းစေခြင်းငှာ သင်တို့သည် အခွင့်ပေးကြသည်တကားဟု ဖာရောဘုရင်ဆို၍၊
5:6 ထိုနေ့ချင်းတွင်အအုပ်အချုပ်၊ အကြပ်အဆော်တို့ကိုခေါ်ပြီးလျှင်၊
5:7 အုတ်လုပ်စရာဖို့ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့မပေးနှင့်။ သူတို့သည်ကောက်ရိုးကို ကိုယ်ဖို့ရှာယူကြစေ။
5:8 အုတ်ကိုကား၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့လုပ်စေရမည်၊ အလျှင်းမလျော့စေနှင့်။ သူတို့သည်ပျင်းရိကြ၏။ ထိုကြောင့်သွား၍ ငါတို့ ဘုရားသခင်အား ယဇ်ပူဇော်ကြစို့ဟု ကြွေးကြော်တတ်ကြ၏။
5:9 သို့ဖြစ်၍ စည်းကြပ်လျက်လုပ်စေကြ။ ပင်ပန်းစေကြ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ၏။
5:10 အအုပ်အချုပ်အကြပ်အဆော်တို့သည် ထွက်၍၊ ဖာရောဘုရင်က ကောက်ရိုးကိုငါမပေး။
5:11 ကောက်ရိုးကို တွေ့နိုင်ရာအရပ်၌ရှာကြ။ သို့သော်လည်း လုပ်ရသော အလုပ်အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အား ပြန်ကြားကြ၏။
5:12 သို့ဖြစ်၍ လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကိုရှာယူခြင်းငှာ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် အရပ်ရပ်ကွဲပြားကြ၏။
5:13 အုပ်ချုပ်သောသူတို့ကလည်း၊ ကောက်ရိုးကိုရသည်ကာလ၌ နေ့တိုင်းလုပ်ရသည်အတိုင်း၊ ပြီးအောင်လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ၏။
5:14 ဖာရောမင်း၏အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုးအကြပ်အဆော်တို့ကို သင်တို့သည် အရင်ကလုပ်သည်အတိုင်း၊ ယနေ့နှင့် မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြသနည်းဟု စစ်၍ရိုက်ကြ၏။
5:15 ထိုအခါ၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည်၊ ဖာရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့်ဤသို့စီရင်တော်မူသနည်း။
5:16 ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သောသူတို့ကလည်း၊ အုတ်ကိုလုပ်ကြဟုဆိုသဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော် လူတို့၌သာအပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။
5:17 ဖာရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ဆိုတတ်ကြ၏။
5:18 သို့သောကြောင့် ယခုသွား၍လုပ်ကြ။ ကောက်ရိုးကိုမပေးရ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ၏။
5:19 ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။
5:20 ဖာရောမင်းထံမှထွက်သွားကြစဉ်၊ လမ်း၌စောင့်လျက်နေသော မောရှေနှင့် အာရုန်ကိုတွေ့လျှင်၊
5:21 ထာဝရဘုရားသည် သင်တို့ကိုကြည့်ရှု၍ စီရင်တော်မူပါစေသော။ အကြောင်းမူကား၊ ဖာရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှာလည်းကောင်း၊ ငါတို့ကို သတ်ရသောအခွင့်ရှိစေခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ၏။
5:22 မောရှေသည်လည်း၊ ထာဝရဘုရားထံတော်သို့သွား၍၊ အိုဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့်ညှဉ်းဆဲတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။
5:23 အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့်ပြောခြင်းငှာ၊ ဖာရောမင်းထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကိုညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟုလျှောက်၏။