Exodus 6
6:1 ထာဝရဘုရားကလည်း၊ ငါသည်ဖာရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည်ကြီးစွာသောတန်ခိုးကိုတွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကိုတွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
6:2 တစ်ဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။
6:3 ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော်လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကိုမသိကြ။
6:4 သူတို့သည်အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှာ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ။
6:5 အဲဂုတ္တုလူတို့သည်အစေကျွန်ခံစေသော ဣသရေလအမျိုးသားတို့၏ ညည်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါ့ပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။
6:6 ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကိုငါရွေးမည်။
6:7 ငါ၏လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကိုငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
6:8 ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ငါပို့ဆောင်၍၊ အမွေခံစရာဖို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟုမိန့်တော်မူ၏။
6:9 ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။
6:10 ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းထံသို့ဝင်၍၊
6:11 သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
6:12 မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲနေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကိုမခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
6:13 သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်ရမည်အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့လည်းကောင်း၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံသို့လည်းကောင်း စေခိုင်းမှာထားတော်မူ၏။
6:14 ဣသရေလအဆွေအမျိုး သူကြီးတို့၏အမည်ဟူမူကား၊ ဣသရေလသားဦး ရုဗင်၏သားကား၊ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။
6:15 ရှိမောင်၏သားကား၊ ယမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးသမီးမိန်းမ၏သား ရှောလတည်း။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ်၏။
6:16 လေဝိသားအဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တစ်ရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။
6:17 ဂေရရှုံသားအဆွေအမျိုးအလိုက်ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။
6:18 ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တစ်ရာသုံးဆယ်သုံးနှစ်ရှိသတည်း။
6:19 မေရာရိသားကား၊ မဟာလိနှင့်မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုး အသီးအသီးဖြစ်သတည်း။
6:20 အာမရံသည် မိမိအရီးယောခေဗက်နှင့်စုံဖက်၍၊ သူသည် အာရုန်နှင့်မောရှေကိုလည်းကောင်း၊ သူတို့အစ်မမိရိအံကိုလည်းကောင်း ဖွားလေ၏။ အာမရံအသက်သည် အနှစ်တစ်ရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။
6:21 ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။
6:22 ဩဇေလသားကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိတည်း။
6:23 အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမဧလိရှဘနှင့်စုံဖက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဖွားလေ၏။
6:24 ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုးဖြစ်သတည်း။
6:25 အာရုန်သားဧလဇာသည် ပုတျေလသမီးတစ်ယောက်နှင့်စုံဖက်၍၊ သူသည် ဖိနဟတ်ကိုဖွားလေ၏။ ဤသူတို့သည်လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီးဖြစ်ကြသတည်း။
6:26 ထာဝရဘုရားက ဣသရေလအမျိုးသားဗိုလ်ပါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်လော့ဟု မိန့်တော်မူသောစကားကိုခံသောသူ၊
6:27 ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ခြင်းငှာ၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့် မောရှေဖြစ်သတည်း။
6:28 အဲဂုတ္တုပြည်မှာထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊
6:29 ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအားပြန်ပြောရမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူ၏။
6:30 မောရှေကလည်း၊ အကျွန်ုပ်သည်အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖာရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာလျှောက်ဆို၏။