Exodus 7
7:1 ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖာရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကိုအာရုန်သည်၊ သင်၏ပရောဖက်ဖြစ်ရလိမ့်မည်။
7:2 ငါမိန့်တော်မူသမျှတို့ကို သင်သည်ပြန်ပြောရမည်။ ဖာရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။
7:3 ငါသည်လည်း ဖာရောမင်း၏နှလုံးကိုခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကိုများပြားစေမည်။
7:4 သို့သော်လည်း ဖာရောမင်းသည်သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက်ကိုအဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်မည်။
7:5 ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည်သိကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
7:6 မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းပြုကြ၏။
7:7 ဖာရောဘုရင်ထံ၌လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။
7:8 တစ်ဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အားမိန့်တော်မူသည်ကား၊
7:9 ဖာရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသောတန်ခိုးကိုပြလော့ဟုဆိုလျှင်၊ သင်၏လှံတံကိုယူ၍ ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
7:10 မောရှေနှင့် အာရုန်သည် ဖာရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုသဖြင့်၊ အာရုန်သည် ဖာရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။
7:11 ထိုအခါဖာရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာတို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့်ထိုအတူပြု၍၊
7:12 မိမိတို့ကိုင်သောလှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏လှံတံများကို မျိုလေ၏။
7:13 ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည်နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။
7:14 ထာဝရဘုရားကလည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။
7:15 နံနက်အချိန်၌ ဖာရောဘုရင်ထံသို့သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မီ သင်သည် မြစ်ကမ်းနားမှာရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။
7:16 ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကား။
7:17 ထာဝရဘုရားက၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။
7:18 မြစ်၌ရှိသောငါးတို့သည် သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေကိုရွံကြလိမ့်မည်အကြောင်းကို ပြန်ပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
7:19 တစ်ဖန်ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသောချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည်တစ်လျှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှမကြွင်း အသွေးရှိလိမ့်မည်အကြောင်းကိုပြောလော့ဟု မိန့်တော်မူ၏။
7:20 မောရှေနှင့် အာရုန်သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြု၍၊ အာရုန်သည် ဖာရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည်အသွေးဖြစ်လေ၏။
7:21 မြစ်၌ရှိသော ငါးတို့သည်လည်းသေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကိုမသောက်နိုင်ကြ။ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ အသွေးနှံ့ပြားလျက်ရှိလေ၏။
7:22 အဲဂုတ္တုအမျိုးသားဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။
7:23 နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲနေလေ၏။
7:24 ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကိုမသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှာ မြစ်နားမှာတွင်းတူးကြ၏။
7:25 ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကိုလွန်စေတော်မူ၏။