Exodus 8
8:1 ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
8:2 မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တစ်လျှောက်လုံးကို ဖားတို့ဖြင့် ဒဏ်ခတ်ဦးမည်။
8:3 မြစ်သည်လည်းများစွာသော ဖားတို့ကိုဖွား၍၊ သူတို့သည်သင်၏အိမ်၌လည်းကောင်း၊ အိပ်ခန်း၌လည်းကောင်း၊ အိပ်ရာပေါ်၌လည်းကောင်း၊ သင်၏ကျွန်တို့အိမ်၌လည်းကောင်း၊ သင်၏လူတို့အပေါ်၌လည်းကောင်း၊ သင်၏မီးဖို၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း တက်ကြလိမ့်မည်။
8:4 သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူသည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
8:5 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကိုကိုင်လျက်၊ လက်ကိုဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဖားများကိုတက်စေခြင်းငှာပြောလော့ဟု မိန့်တော်မူ၏။
8:6 အာရုန်သည် အဲဂုတ္တုပြည်၌ရှိသောရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဖားတို့သည်တက်၍ အဲဂုတ္တုပြည်တစ်လျှောက်လုံးကို ဖုံးလွှမ်းကြ၏။
8:7 ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့်ထိုအတူပြု၍ ဖားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင်ကြ၏။
8:8 ထိုအခါဖာရောမင်းသည်၊ မောရှေနှင့်အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဖားတို့ကိုငါနှင့် ငါ့လူတို့ထံမှပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ငါပေးမည်ဟုဆို၏။
8:9 မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှဖားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေခြင်းငှာ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဖို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊
8:10 နက်ဖြန်နေ့တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှာ အမိန့်တော်အတိုင်းဖြစ်၍၊
8:11 ဖားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှထွက်သွား၍ မြစ်၌သာနေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင်၊
8:12 အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖာရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော်မူသော ဖားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပတ္ထနာပြုလေ၏။
8:13 ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့်၊ ဖားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။
8:14 အသေကောင်တို့ကိုစုပုံ၍ထားသဖြင့် တစ်ပြည်လုံးနံလေ၏။
8:15 ဖာရောမင်းလည်း၊ သက်သာရကြောင်းကိုသိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
8:16 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ရှိသော မြေမှုန့်သည်ခြင်ကောင်ဖြစ်စေခြင်းငှာ၊ အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍၊ မြေမှုန့်ကိုရိုက်စေခြင်းငှာ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
8:17 အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍ မြေမှုန့်ကိုရိုက်လေ၏။ မြေမှုန့်သည်လည်း လူ၌လည်းကောင်း၊ တိရစ္ဆာန်၌လည်းကောင်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တစ်လျှောက်လုံး၌မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ်လေ၏။
8:18 ဝိဇ္ဇာဆရာတို့လည်း၊ ခြင်ကောင်တို့ကိုဖြစ်စေခြင်းငှာ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင်ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ ခြင်ကောင်တို့သည် ရှိကြ၏။
8:19 ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည်ဘုရားသခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖာရောဘုရင်အားလျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
8:20 ထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖာရောဘုရင်ရှေ့မှာရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
8:21 မလွှတ်ဘဲနေလျှင် သင်နှင့်သင်၏ကျွန်များ၊ လူများ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တုလူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့်ရှိရလိမ့်မည်။
8:22 ငါသည် မြေကြီးအလယ်၌ ထာဝရဘုရားဖြစ်ကြောင်းကို သင်သိစေခြင်းငှာ ငါ၏လူတို့နေရာဂေါရှင်ပြည်ကို ထိုနေ့၌ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။
8:23 ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနားစေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
8:24 ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန်ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖာရောဘုရင်အိမ်အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက်လေ၏။
8:25 ထိုအခါ၊ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊
8:26 မောရှေက ထိုသို့မပြုသင့်။ ပြုလျှင် အဲဂုတ္တုလူတို့၏ ရွံရှာဖွယ်သောအရာကို အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဖွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော်လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။
8:27 သို့ဖြစ်၍ တော၌သုံးရက်ခရီးသွား၍ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို၏။
8:28 ဖာရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကိုငါပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရကြ။ ငါ့အဖို့တောင်းပန်လော့ဟု မိန့်တော်မူ၏။
8:29 မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံမှထွက်သွား၍ ယင်ရဲတို့သည် ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည်အကြောင်း၊ နောက်တစ်ဖန်ဆီးတား၍ လှည့်စားတော်မမူပါနှင့်ဟုလျှောက်ပြီးလျှင်၊
8:30 ဖာရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကိုတောင်းပန်လေ၏။
8:31 ထာဝရဘုရားသည်လည်း၊ မောရှေစကားကိုနားထောင်၍ ယင်ရဲတို့ကို ဖာရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တစ်ကောင်မျှမကျန်စေခြင်းငှာ ပယ်ရှားတော်မူ၏။
8:32 ထိုအခါ၌လည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။